Friday, February 15, 2013

မိခင်တဦး၏ကိုယ်တွေ့မှတ်တမ်း-အပိုင်း- ၄ (ဇာတ်သိမ်း)

ABSDF(မြောက်ပိုင်း)သတ်ဖြတ်မှုများနှင့်မိခင်တဦး၏ကိုယ်တွေ့မှတ်တမ်း - အပိုင်း - ၄ (ဇာတ်သိမ်း)
by Ko Lin Wai Aung on Saturday, March 10, 2012 at 3:05am


( ၆.၄.၁၉၉၂ )

မနက်၇း၀၀နာရီလောက် ချစ်လ္ဘက်ရည်ဆိုင်သွားပြီး အစာပြေစားကြတယ်….ကျော်မြင့်ကပြန်မရောက်သေး ဘူး…..CS သံချောင်းလည်းမတွေ့ဘူး ဆေးရုံမှာလို့ပြောတယ်…. ဘယ်သူမှမတွေ့တော့ဘူး…. တရုပ်ငွေနဲ့ဗမာငွေလဲပြီးဈေးဝယ်ဘို့ကုန်တိုက်တွေလိုက်ကြည့်ကြတယ်….ခရီးစရိတ်ချန်ပြီး ဗမာငွေ၃၀၀ကို တရုပ် ငွေနဲ့လဲတာ ၂၀ကျပ်ရတယ်… စလင်းဘက်တစ်အိပ်၁၅ကျပ်နဲ့ ထီးတစ်လက်၅ကျပ်၅၀ကျတယ်…. အားလုံးဈေးဝယ်ကြပြီးတော့ ၂း၀၀နာရီထိုးပြီ…..၂း၃၀နာရီမှာ ရွှေလီကတရုပ်ကားနဲ့ ကြယ်ဂေါင်ကိုပြန်လာကြ တယ်… ကြယ်ဂေါင်မှာPASSPORT အပ်ပြီးဂိတ်တွေမပိတ်သေးတာနဲ့ လာတုံးကအတိုင်း ဈေးတန်းတွေဘက် ဗမာပြည်ဘက်ကိုပြန်ဝင်လာခဲ့ကြတယ်….မူဆယ်ရောက်တော့ လှိုင်းတက်တည်းခိုခန်းမှာတည်းကြတယ်…. ကိုမောင်မောင်က မူဆယ်ထောက်လှမ်းရေးကိုမေးပြီးမှ လားရှိုးလက်မှတ်ဝယ်မယ်ဆိုပြီးမူဆယ်ထလရကိုသွားတာ လက်မှတ်မ၀ယ်ပါနဲ့ဦး မနက်၇း၀၀နာရီသူတို့နဲ့လာတွေ့ပါဦးဆိုလို့ မူဆယ်မှာ၂ညအိပ်ရတယ်….မနက်ကျတော့ ဗိုလ်ကြီးအောင်ကျော်ဦးဆိုတာနဲ့တွေ့လို့ ကလေးတွေမပါတဲ့အကြောင်းပြောတယ်….သူတို့လည်းပါလာလိမ့်မယ် ထင်တာ….သူ့ညီတွေလိုသဘောထားပါတယ်…စိတ်မကောင်းပါဘူးလို့ပြောတယ်….မေးစရာရှိတာမေးပြီး ကိုယ်တို့ကိုမူဆယ်ဈေးအထိလိုက်ပို့တယ်….ဈေးထဲလျှောက်ကြည့်ပြီး တည်းခိုခန်းပြန်နားကြတယ်….

အန်တီစန်းကဟိုဘက်မှာရွှေလီမြစ်ရှိတယ်… တောင်တွေတောတွေရှိတယ်…သွားကြည့်မယ်ဆိုပြီး ထွက်သွားတယ်… ကိုယ်လည်းအရီနဲ့ရွှေလီမြစ်ကမ်းဘေး လမ်းလျှောက်ပြီး အန်တီစန်းလဲမတွေ့တာနဲ့ တည်းခို ခန်းပြန်လာနား….ခဏနေတော့မူဆယ်ဈေးထဲသွားပြီး စားစရာ…အထည်နဲနဲပါးပါးဝယ်ပြီး ပြန်အိပ်တယ်….

ဦးအေးနိုင်တို့က ကိုမောင်မောင်အိမ်ကို ၉ရက်၁၀ရက်နေ့လောက်ပြန်ရောက်မယ်လို့ကြေးနန်းရိုက်တယ်. မူဆယ်မှာ ၇.၄.၁၉၉၂နေ့ထိနေရတယ်...



( ၈.၄.၁၉၉၂ )

မူဆယ်ကနေမနက် ၅း၃၀ ကားထွက်တယ်….အားလုံးနွမ်းလျှပြီးပြန်လာကြတယ်…ကွတ်ခိုင်ရောက်တော့ ထလရကိုသတင်းပို့ပြီးတော့ ထမင်း စားကြတယ်….တစ်လမ်းလုံးမှာစွယ်တော်တွေဖွေးနေအောင်ပွင့်တာ အဝေး ကကြည့်ရင် နှင်းတောင်တွေလားလို့ထင်ရတယ်….ကွတ်ခိုင်ထမင်းဆိုင်မှာစွယ်တော်ပွင့်ကြော်ချက်စားခဲ့ရတယ်.. နောက်တော့သိန္နီကိုဖြတ်ပြီးလားရှိုးကိုဝင်တယ်….ဆရာမတည်းခိုခန်းမှာဘဲတည်းတယ်…ဆရာမကလည်း အသွား ကတည်းကသိနေတော့ ကလေးတွေမပါဘူးလားမေးတော့….၀မ်းနဲစွာနဲ့ဘဲမပါဘူးလို့ဖြေရတယ်…. ကိုမောင်မောင် က ထောက်လှမ်းရေး၉ကိုသတင်းပို့ရတယ်….ထလ၇ကလည်း ကိုယ်တို့နဲ့တွေ့ချင်တယ်လို့ပြော ပေမဲ့ ကလေးတွေမပါလာလို့စိတ်မကောင်းဖြစ်နေတာရော…ခရီးပန်းပြီးကျန်းမာရေးမကောင်းကြဘူးဆိုလို့…. မနက်ကိုခရီးဆက်ခွင့်ပေးလိုက်တယ်….

( ၉.၄.၁၉၉၂ )

မနက်၎း၀၀နာရီထပြီးကားဂိတ်ကိုသွားကြတယ်….၅း၃၀နာရီမှာလားရှိုးကစထွက်တယ်…မြို့အထွက် စစ်ဆေးရေးဂိတ်မှာမဖွင့်သေးလို့စောင့်ရပြီးမနက်၇း၀၀နာရီမှကားဆက်ထွက်ရတယ်…ကျောက်မဲရောက်တော့ ထမင်းစားပြီးဆက်ထွက်ကြတယ်….သီပေါ…နောင်ချိုရောက်တယ်….ဂုတ်ထိပ်တံတားကိုအပြန်ကျမှဘဲမြင်ရ တော့တယ်…မေမြို့…အနီးစခန်းရောက်တော့ ကားရေဆေးနားပြီးဆက်ထွက်တယ်….မေမြို့လမ်းတလျှောက် စိန်ပန်းပြာတွေပွင့်နေတာအရမ်းလှတာပဲ….သီချင်းထဲမှာပါတဲ့စိန်ပန်းပြာပန်းမြို့တော်ဆီဆိုတာနဲ့ကိုက်နေတာပဲ.. မေမြို့ကထွက်ပြီးနောက်ပုသိမ်ကြီး….နောက်တော့မန္တလေးဝင်လာတာပါဘဲ….လမ်း၃၀မှာဆင်းပြီး ကိုမောင်မောင် အိမ်သွားကြတယ်….အန်ကယ်ကြီးနဲ့အန်တီစန်းအမျိုးသားကထွက်လာကြိုကြတယ်….ကိုမောင်မောင်အိမ်သား တွေပါထွက်လာကြတယ်….ကလေးတွေမပါမှန်းသိတော့ အန်ကယ်ကြီးတို့မျက်နှာပျက်နေကြတယ်….နောက်မှ အလုံးစုံရှင်းပြရတယ်….ကိုမောင်မောင်အိမ်မှာထမင်းစားပြီး မန္တလေးထလရကိုသတင်းပို့ကြရတယ်…ဘာမှမထူး ခြားတဲ့အတွက်….မနက်ဖြန်ရန်ကုန်ပြန်ဘို့စီစဉ်ကြတယ်….မဟာဇေယျာဘုံရပ်ကွက်….အန်ကယ်ကြီးတို့အဒေါ် အိမ်မှာပြန်အိပ်ကြတယ်…..

( ၁၀.၄.၁၉၉၂ )

မနက်၅း၀၀နာရီအရောက်ဘူတာကြီးသွား….လက်မှတ်တန်းစီဝယ်တယ်….သင်္ကြန်အထူးရထားနဲ့မနက် ၇း၃၀နာရီမှာ မန္တလေးကထွက်တယ်….တောတွေတောင်တွေတွေ့တိုင်း သားတွေရှိတဲ့ဆီဘဲ သတိရနေမိတယ်. လမ်းမှာလည်းသင်္ကြန်နားနီးတော့ တလမ်းလုံးရေပက်ကြတယ်….ရန်ကုန်ကိုည၁၀း၃၀ရောက်တယ်….သုဝဏ္ဏကား မရှိတော့ သင်္ဃန်းကျွန်းကားစီးပြီး သူငယ်ချင်းဆရာမကြီးဆီသွားအိပ်ရတယ်….မနက်၆း၀၀နာရီကျောင်းသွားတော့ အဝေးကနေ ကျောင်းကိုဆေးသုတ်ထားတာတွေ့တော့ စိတ်ချမ်းသာသွားတာဘဲ….

ကျောင်းရောက်တော့ ဆရာမ၃ဦးလည်းရောက်လာကြတယ်…သူတို့အားလုံးလည်းစိတ်ပူရတဲ့အကြောင်း ခုမှဘဲဝမ်းသာသွားကြောင်းပြောကြတယ်….အထွေထွေလုပ်သားလင်မယားကလည်း ၀မ်းသာအားရပါဘဲ..သူတို့ လည်းစိတ်ပူနေတဲ့အကြောင်း ပြောတယ်….ဒါနဲ့ဘဲဆိုက်ကားငှားပြီးအိမ်ကိုပြန်လာတယ်….အိမ်ရောက်တော့ သူတို့ညီ၊သူတို့မောင်၊သူတို့အစ်ကို မပါတော့အားလုံးမျက်နှာမကောင်းကြဘူး….ကိုယ်လည်းပြန်ပန်းမလှတဲ့အ တွက်စိတ်မကောင်းဘူး….ကိုယ်ကစပြီးအိနြေ္ဒပျက်နေရင် ကလေးတွေပိုစိတ်ထိခိုက်မှာစိုးလို့ အိနြေ္ဒဆည်နေရ တယ်….

ကိုယ်လိုဘဲမိဘတွေအားလုံး ပြန်ပန်းမလှတဲ့အတွက် အိမ်ရောက်ရင်ဘယ်လို ဖြေရပါ့နဲ့ စိတ်မောလူမော ရှိနေကြတယ်…ကိုယ်တို့မိဘတွေရဲ့စိတ်ထဲမှာတော့ ကမ္ဘာ့ကြက်ခြေနီ ( သို့ ) လွတ်လပ်သောအဖွဲ့အစည်း တစ်ခုခုကအမြန်သွားရောက်ပြီး ကယ်တင်ပါမှ သားသမီးတွေလွတ်လပ်ခွင့်ရပြီး မိဘနဲ့အမြန်တွေ့ရမယ်…အဖွဲ့ အစည်းတွေအမြန်သွားရောက် ကယ်ယူရေးအတွက် မိဘတိုင်းဘုရားမှာအထပ်ထပ် ဆုတောင်းမေတ္တာပို့သနေ ရတယ် …..

ကလေးတွေအားလုံးအမြန်ဆုံးမိဘရင်ခွင်( သို့ ) ငြိမ်းချမ်းသောရင်ခွင်သို့ ပြန်လည်ရောက်လာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်……
· · · Share

  • 36 shares
    • BarBu Abnb
      ဒီခရီးစဉ်မှာAB ပြောလိုက်တဲ့ကြက်ခြေနီလိုကမ္ဘာ့အဖွဲ့ 
      အစည်းတစ်ခုခုကလာခေါ်ရင်ရတယ်လို့ ပြောပြီးအား
      လုံးဝင်နိုင်တဲ့ကျင်းကြီးတစ်ခုအဆင်သင့်တူးထားပြီး
      ပါပြီ။တပ်ထဲကအလုပ်တွေပြီးပြီဆိုရင်တော့အားလုံးကို
      ဒီကျင်းထဲမှာဘဲဗုံးခွဲသတ်ဖို့ မူးတဲ့အခါပြောနေတာကိုအြ
      ပင်က
      ရဲဘော်တွေကပြန်ပြောပါတယ်။နောက်တစ်ချက်ကအဲဒီဂျပန်ကြီးဘာကြောင့်ပြန်ပြေး
      သလဲဆိုတော့ကျွန်တော်တို့ ပုံတွေရိုက်ထားတဲ့Camera ကို စောမြအောင်နဲ့အရက်အတူတူသောက်ပြီးအပြန်မှာမျိုးဝင်းကပေါက်ခွဲခိုင်းလိုက်ပါတယ်။နောက်ဆုံးအချက်ကတော့ကျွန်တော်တို့  ၅၅ ယောက်ထွက်ပြေးတဲ့အခါမှာ
      မျိုးဝင်းကငါ့ ဘဝတော့သွာပါပပြီကွာဆိုပြီးကျွန်တော်တို့ မသတ်ဘဲထားခဲ့တဲ့ထောင်မူးနဲ့ အစောင့်တစ်ယောက်ကို ဓါးနဲ့ ခုတ်သတ်လိုက်ပါတယ်။ဒါတွေကိုကြည့်ပြီးလွတ်ပေးမယ်ဆိုတာမဖြစ်နိင်ပါဘူးခင်ဗျာ။




      ရဲဘော်ဘာဘူ
      March 10 at 5:22am · · 5
    • Maung Than Swe
      ကာယကံရှင်ဖြစ်တဲ့ညီလေးတို့ကလည်း တစ်ဦးချငိးစီရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကိုမှတ်တမ်းတင်ကြ ရေးကြပါ။ တစ်ယောက်နဲ့တယောက်ဖြတ်သန်းမှုအပေါ်မှာမှတ်မိပုံခြင်းမတူတော့၊ တယောက်လိုတာတစ်ယောက်ဖြည့်မှအချက်အလက်စုံကြမှာ။အပ်ကြောင်းထပ်လည်းကိစ္စမရှိဘူး။ဝိုင်းရေြး
      ကပါ။ တို့အပြင်ကလူတွေတောင် သူတို့ခေါင်းဆောင်ကြီးတွေကို သွားပုတ်လေလွင့်ပြောတဲ့သူအဖြစ်ပေါက်လွှတ်ပဲစားအပြောခံပြီးရေးနေသေးတာပဲ။ အပေါ်ကမှတ်တမ်းထဲမှာပါတဲ့NLDက ကိုယ်စားလှယ်ဆိုတာ နာမည်ကောသိနိုင်လား။ နောက်ပြီး ကျောင်းဆရာတစ်ပိုင်းလုပ်နေရာက ခေါ်ပြီးအသတ်ခံရတဲ့ လူငယ်အကြောင်းကောဘယ်လောက်များများပိုသိသလဲ။
      March 10 at 7:11am · · 2
    • ဘရာဇီး ငှက်ရိုး
      ရက်ရှည်လများ ချုပ်နှောင်ထားတာ... သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်တာ... အဲ့အချိန်က အေဘီက ခေါင်းဆောင်ပိုင်း အားလုံး တာဝန်ရှိပါတယ်... အခုပြောနေတာက တနေ့နေ့ ဒီကိစ္စ ရှင်းကြရမှာ သဘောတူထားကြပါသတဲ့... ဒါတောင် ဗိုလ်ထိန်ရေးလိုက်မှ အကုန်ထိတ်ထိတ်ပျာပျာ ဖြ
      စ်ကုန်ကြတာ... ရှင်းတော့ရှင်းမလို့ပဲ လွတ်သွားတဲ့ ၅၅ယောက်ကို အသေမရှင်းလိုက်နိုင်ခင် ပြည်တွင်းပြန်ရောက်သွားတော့... မရှင်းဖြစ်တော့ဘူးပေါ့... နောက်ပြီး အကိုတို့ စခန်းက မပြေးခင် သေနတ်တွေ တက်လုပြီး တိုက်ပွဲ ဖြစ်ကြရင် ခုလို ၅၅ယောက်အပြန်လမ်း မဖြစ်တော့ပဲ... တော်တော်များများ သေကြရမှာပဲ...
    • BarBu Abnb ၅၅ ယောက်ကသေနတ်တွေထပ်လုပြီးအဲဒီညကအာဏာသိမ်းလို့ ရပါတယ်။ဒါပေမဲ့
      ရက်စက်တဲ့လူးကြီးတွေအဖြစ်နဲ့ မနေနိုင်တော့လို့ ပါ။ကျန်တဲ့သေနတ်တွေကိုသေသေချာချာကိုထပ်မယူခိုင်းတာပါခင်ဗျား။အခြားလက်ခံမဲ့
      တော်လှန်ရေးအဖွဲ့ တွေလိုက်ရှာတဲ့အခါမှာမတွေ့လို့ နောက်ဆုံးအလင်းဝင်လိုက်ရပါတယ်။
      March 11 at 1:48am · · 3
    • Htar Htar Lwin ကို BarBu ရေ 55 ယောက်ဘယ်လိုလွတ်မြောက်လာခဲ့တယ်ဆိုတာကို အရမ်းသိချင်ပါတယ် ကိုယ်တိုင်ပါဝင်ခဲ့သူတွေက မေမေရေးသလိုပြန်ရေးပြနိုင်ရင်သိပ်ကောင်းမှာဘဲ မြန်မြန်ရေးပြီးတင်ပေးပါနော် ဒါမှနောက်လူတွေလည်း ဘယ်လိုပင်ကျဉ်းကျပ်နေပါစေ မျှော်လင့်ချက်ကိုမစွန့်လွှတ်ဘဲကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာသိစေချင်လို့ပါ
      March 11 at 10:24pm · · 1
    • ဘရာဇီး ငှက်ရိုး အမရေ... ကိုဟာဂျူလီ(ကသာ)က ကိုဖိုးဆန်းတို့ကို မေးထားပြီး ပြန်တင်ပေးထားပါတယ်... အင်တာဗျူးဆိုတော့ အကြမ်းသဘောလေးပဲ ရေးထားပါတယ်... အောက်ကလင့်မှာ ဖတ်နိုင်ပါတယ်... ဓါတ်ပုံဆိုတော့ ဒေါင်းပြီးဖတ်မှ အဆင်ပြေမယ်...

No comments:

Post a Comment