(၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါ မက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသား တပ်မတော်အနေ နဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေ အတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျ အနေ အထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊ မပြောခင်မှာ ကျမရဲ့ နောက် ခံသမိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။
အမေပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲနေပါ တယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည်အဖြစ် အသုံးပြုခဲ့တာမို့ မန္တလေး၊ နန်းရှေ့၊ လူထုမိ သားစုကလို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။
၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့တယ်၊ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်း ပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊
ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့(ဂေါစတာ)တို့နဲ့လက်တွဲပြီးအဖွဲ့ရဲ့လှုပ်ရှားမှု။ဗကသလှုပ်ရှားမှု။ ယူဂျီလုပ်ငန်းတချို့မှာပါဝင်ဆောင်ရွက်ခဲ့တယ်။တောထဲမှာဘယ်လိုနေခဲ့သလဲသိလိုရင်တော့
ရှမ်းပြည်မြောက်ပိုင်း(၄၀၁)တပ်ရင်းကရဲဘော်တွေ။မြောက်ပိုင်းကချင်ကျောင်းသားတပ်မတော်ကရဲဘော် ရဲမေတွေကိုမေး ကြည့်နိုင်ပါတယ်။
ကေအိုင်အေ အပစ်အခတ်ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ကလာ ခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက် အရ အမှောင်ပြန်ဝင်ခဲ့ တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့တွေ့ခဲ့ တယ်၊ “မင်းမှာလည်း တာဝန်ရှိတယ် ဘာလို့မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင် လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။
“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေး မပေးနိုင်ဘူး” လို့ဖြေခဲ့တယ်၊ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။
၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ် ( လူလိမ္မာ အခါခါမိုက်)၊ အေဘီ (အနောက်ပိုင်း) တာဝန်ရှိ သူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့ သူတယောက် အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်၊ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ။ ထိုင်းနယ်စပ် လက်ရှိကျောင်းသား တပ် မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ ဒုက္ခ သည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။
၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို ရောက်တယ်၊ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ) ကိုအောင်နိုင်(MC မန္တလေး၊ လက်ရှိ ချင်းမိုင်) ကိုစိုးလင်း (RIT မန္တလေး၊ တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲလုပ် လာခဲ့သူတယောက်ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကိုသွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေး ခဲ့ကြတာပါ။ တောထဲကိုလာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အ ဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း(မြစ်ကြီးနားတက္ကသိုလ်မိုးညှင်းမိုဟန်)။ကိုမျိုးဝင်း(RITမိုးညှင်း၊နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ စုံတွေ့ခဲ့တယ်။
ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ် မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ။ လုပ်တဲ့သူတွေဘက်ကလည်း ဒီလူတွေအားလုံးဟာ ရန်သူ့သူလျိုတွေပါလို့ စွပ်စွဲခဲ့သလို သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။ တချိန်ချိန် မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့ ပြောခဲ့ကြတယ်။
ခံရသူတွေဘက်ကလည်း ငါ့တို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး မတရားလုပ်တာခံခဲ့ကြ ရတဲ့ ကျောင်း သား အစစ်အမှန်တွေပါလို့ ပြောခဲ့ကြတယ်။
ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ ၅၀၀ လောက်ရှိတဲ့တပ်ကိုဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင်မလိုသလို ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်းဖြစ်လာစရာ အကြောင်းမရှိဘူး လို့ ကျမ ယူဆတယ်။ ရန်သူ့သူလျှိုတယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြ တာပါ ဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာ ဏာလုတာမှန်ရင် အမျိုးသမီးရဲမေတွေ နဲ့ အောက်ခြေ က ရဲဘော်တွေအများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။
သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ဆင် ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။
အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေ ထဲ မှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ် အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါ တယ်။
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
No comments:
Post a Comment