Saturday, February 16, 2013

၃ မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ - ၃

မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ) လမ်းကြောင်းက တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တော ထဲကိုရောက် လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက ကိုင်ထားသူတွေ။
ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက် ပိုင်းဗဟိုကော် မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ် ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့ နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)

သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော် တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။
သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေ ကနေ ဖြတ်တိုက် ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေ ကံမရောက် အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေ ရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက် ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။

ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။
ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြ လိမ့် မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်က မိန်းမတွေ ထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင် ခဲ့ဖူး တဲ့သူတွေ သာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။

ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက် ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။

နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။

ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊ စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်)
ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊ ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့ အတူ ရှေ့ဆက် ရင် အားလုံးသေတွင်းထဲဝင်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။

ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက် နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။

သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေး ပါလို့ တောင်း ဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို “တောင်မတက် ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊

မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု အသတ်ခံခဲ့ရ တဲ့သူတွေ နဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံး တော့။

ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။

အဖြစ်အပျက်ကိုအဖြစ်အပျက်အတိုင်းခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။
နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေ ထဲမှာထည့် အ မှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့ အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်း ရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေ ကိုယ်စား အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။

မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲ မှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။

အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ ကြိုက်တဲ့နည်း ကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။

ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရ ရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။
“တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။

ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရ ကို ပေါ်ပေါက် လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက် တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့ တဲ့နာမည် သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက ပါဝင်ပတ်သက်ဖူး ခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့ လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေ ရပါမယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

No comments:

Post a Comment