Friday, February 15, 2013

ကိုအပ်ဆိုက် - မှိုင်းအေး(ဧရာဝတီ) လူမဆန်ဆုံးရဲ့ သားကောင်




အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း)ရဲ့ ကျောင်းသားခြင်း သတ်ဖြတ်မှုမှာ သေဆုံးသွားရရှာတဲ့ ကျွန်တော်သူငယ်ချင်း အပ်ဆိုက်(ခေါ်)ခင်မောင်အေးရဲ့ အမှတ်တရကောက်ကြောင်း...(ဟာဂျူလီ.ကသာ)..........
အပ်ဆိုက်ကိုယ်တိုင် ဆွဲထားတဲ့ ကိုယ်တိုင်ရေး ပုံတူပန်းချီပုံလေးပါ၊သူနဲ့ကျွန်တော်က သူငယ်ချင်းလို့ ပြောလိုက်ရပေမယ့် အသက်က (၃) (၄)နှစ်လောက်တော့ကွာပါတယ်၊ဒါပေမယ့် စာပေ၀ါသနာပါတာခြင်း.. ပုံဆွဲဝါသနာပါတာခြင်း.. ဟာသတွေးတော့ပုံတူတာခြင်း. ဆရာတူတပည့်ဖြစ်တာခြင်း...နောက်ဆုံး နိုင်ငံရေးခံယူချက်တူတာခြင်းတွေကြောင့် သူငယ်ချင်းလို့ပဲ သုံးလိုက်ရတာပါ..သူနဲ့ ကျွန်တော်က ၈၈အရေးအခင်းမဖြစ်ခင် ငယ်ကတည်းက ခင်ခဲ့ကြတာပါ၊သူနဲ့ကျွန်တော် အမြဲတမ်း ညတိုင်းဆုံဖြစ်ကြတာက ကသာမြို့ရဲ့ ဘူတာရုံကလေးရဲ့ လက်ဘက်ရည်ဆိုင်မှာပါ၊အမြဲတမ်းသူ့မှာ ရေးလက်စ ဗလာစာအုပ်ကလေး ပါလာတတ်ပြီး အဲဒီစာအုပ်ထဲမှာ သူရေးတဲ့ ကဗျာတို ကဗျာစတွေ ပန်းချီပုံတွေ ရှိနေတတ်ပါတယ်၊သူရေးတဲ့ ကဗျာအများစုက ဟာသတွေပါ၊မြင်သမျှ မတော်တရော်တွေကို ဟာသလုပ်ပစ်တတ်ပါတယ်၊တခါတခါ သူများကို ဟာသလုပ်စရာမရှိရင် ကျွန်တော့်ကို ဟာသလုပ် ကဗျာစပ်.ပုံဆွဲပြီး လာပြတတ်တယ်၊အတော် ရယ်စရာကောင်းအောင် ဖန်တီးတတ်သူပါ..

ဒီလိုနဲ့ ကသာမှာ ၈၈အရေးအခင်း စဖြစ်ကြရော.စတင်တဲ့သူတွေကတော့ ကျွန်တော်အပါအ၀င် အမာ၁၅ယောက်ပါ၊ဒီ၁၅ယောက်ထဲမှာ အများစုကတော့ တက္ကသိုလ်ကျောင်းသားတွေပေါ့၊အဲဒီတုန်းက ကျွန်တော်တို့ လှို့ဝှက်စည်းဝေး တိုင်ပင်ခဲ့တဲ့နေရာကတော့ အခုကာတါန်းပြပွဲပြုလုပ်မယ့် သက်ပန်းကျောင်းမှာပါ၊ ခုကျောင်းထိုင်ဆရာတော်ဖြစ်နေတဲ့ ဦးမဏ္ဍလ က အဲဒီတုန်းက ခန်းနေဦးပဇင်းပဲရှိပါသေးတယ်၊သူ့ရဲ့အဆောင်မှာ လှို့ဝှက်အစည်းအဝေးလုပ်ကြတော့ သူက ကင်းစောင့်ပေးပါတယ်၊ ခုတော့လည်း ကျောင်းထိုင်ဆရာတော်ကြီးပေါ့၊ အမာခံ၁၅ယောက်ထဲမှာ အပ်ဆိုက်မပါပေမယ့် ကသာမှာအရေးအခင်းစတင်တဲ့နေ့(၉-၈-၈၈)ကတည်းက အပ်ဆိုက်ဟာ အတတ်ကြွဆုံးကျောင်းသားအဖြစ်ပါခဲ့ပါတယ်၊အရေးအခင်းကိုစစ်တပ်ကဖြိုခွဲပြီးတဲ့နောက် ကျွန်တော်လည်း ဟိုမြို့ဒီမြို့ရှောင်ရင်း တိမ်းရင်းကသာကိုပြန်ရောက်နေတဲ့အချိန်မှာ အပ်ဆိုက်ဟာ ကျောင်းသားတပ်မတော်(ABSDF) ထဲရောက်သွားကြောင်းသိရပါတယ်၊မကြာခင်မှာပဲ အထင်မှားစွတ်စွဲချက်တွေနဲ့ အပ်ဆိုက်ကိုအချုပ်ထဲထည့်ပြီး သတ်လိုက်ကြပါတယ်၊ခုတော့ အပ်ဆိုက်တို့တတွေ အရိုးပြန်တွန်နေကြပါပြီ...အရိုးတွန်သံ ဘယ်လောက်ကျယ်မယ်ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်နေကြရဦးမှာပါ၊အပ်ဆိုက်(ခေါ်)ခင်မောင်အေးကောင်းရာဘုံမှာ ရယ်စရာများဖန်တီးနိုင်ပါစေ.....(ဟာဂျူလီ(ကသာ)

  • 22 shares
    • Ko Phyu Lay May I share it, Ko Ju..
    • ဟာဂျူလီ ကသာ သူနဲ့ ဆုံခဲ့ဖူးတဲ့ ကျောင်းသားတပ်က မိတ်ဆွေတွေလည်း..သူအကြောင်း သိသမျှ ၀ိုင်းပြောပေးကြပါဦး..
    • Kyawko Koaung
      ကျွန်တော်တို့ဧရာဝတီတိုင်းဘိုကလေးမြို့နယ်တွင်ကားများကြမ်းတမ်းစွာမောင်နှင်မှုကြောင့်ကလေးသူငယ်များနှင့်
      မော်တော်ဆိုင်ကယ်မျာ/ဆိုက်ကာမျာအလွန်ကိုဆိုးရိမ်သောကရောက်နေရပါတယ်။ကျွန်တော်တို့ဘိုကလေးမြိုနယ်မှာ
      ကားလိုင်းသုံးလိုင်းရှိပါတယ်။ပွင့်သစ်နိုင်/နိ...See More
    • Aung Khaing Myint http://8888newgenerations.blogspot.com/2012/02/blog-post_2279.html#links..please let me share in blog.thanks..အပ်ဆိုက်(ခေါ်)ခင်မောင်အေးကောင်းရာဘုံမှာ ရယ်စရာများဖန်တီးနိုင်ပါစေ..
    • Khin Maung Htway ရှယ်သွားပြီ အကိုရေ
    • Kyaw Gyi AB ကျေးဇူးအများကြီးတင်ပါတယ်
    • Soe Naing
      ကိုအပ်စိုက် ရယ်စရာဖန်တီးတာ တခု ကျနော် သတိရလို့ ပြောပြပါဦးမယ်။
      ကျနော်တို့ သင်တန်းအပတ်စဉ်(၂) စစ်ရေးပြလေ့ကျင့်နေတုန်းကပေါ့။ သူ့ကို သင်တန်းဆရာက ရှေ့ထွက်ပြီး ကွန်မာဒါ လုပ်ခိုင်းတယ်။ (သူ့ပုံက နဂိုကတည်းကကို ရယ်စရာကြီးပါ။ အရပ်ကရှည်တယ်၊ ပိန်လည်းပိန်တယ်၊ မေးကချွန်တယ်၊ သူမတ်တက်ရပ်နေရင် တကယ့်ကို အပ်တချောင်းကို မြေကြီးမှာ စိုက်ထားသလိုပါ။ ဦးထုပ်ကလည်း ကေအိုင်အေ ဦးထုပ်ကို သင်တန်းကာလမှ ဆောင်းရပါတယ်။ ဒီတော့ သူ့ပုံက ကျနော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်းထဲက တိုက်ဂါးပုံစံပါ။)
      အဲဒီမှာ သူက ဘာရယ်စရာ လုပ်သလဲဆိုတော့-
      သင်တန်းသားအားလုံးကို သတိဆွဲခိုင်းထားပြီးတော့ သူက ရှေ့ကနေ မျက်လုံး၂ လုံးကို ပူးပြလိုက်။ ချဲပြလိုက်နဲ့ ရယ်စရာလုပ်ပြတယ်။ ကျနော်တို့ အားလုံး အသံထွက်မရယ်ဖြစ်အောင် အတော့်ကို ထိမ်းထားရပါတယ်။ အဲဒီမှာ ကံဆိုးတာကတော့ နန်းစောပါပဲ။ သူက မအော့င်နိုင်တော့ပဲ ခွိခွိဆိုပြီး အသံထွက်ရယ်ပါတော့တယ်။ ဒါနဲ့ ကိုအပ်စိုက်က “ရယ်မေ နန်းစော ရှေ့ထွက်” လို့ ခေါ်ပြီးတော့ သတိပေးထားချိန်မှာ ရယ်မိလို့ အပြစ်ပေးပါတော့တယ်။ အပြစ်က ဒိုက်ထိုးခိုင်းတာပါ။ ၁၀ ခါလားမသိတော့ပါဘူး။ ၅ ခါလောက်ရောက်တော့ နန်းစော ဒိုက်ထိုးတာက ခန္ဓာကိုယ် အောက်ပိုင်းက ကြွမလာတော့ပါဘူး။ ဒါနဲ့ ကိုအပ်စိုက်က ဘာပြောလဲဆိုတော့ “နန်းစော ဒိုက်ထိုးတာ ဒိုက်ထိုးတာနဲ့ မတူဘူး ကျားကြီးရေသာက်တာနဲ့ တူနေတယ်” လို့ ပြောလို့ ကျနော်တို့ ကျန် ရဲဘော် ရဲမေအားလုံး ဝါးကနဲ ဆို ရယ်ပွဲကြီး ဖြစ်ခဲ့ရပါသေးတယ်။
      ရယ်စရာတွေကို ကြံဖန် ဖန်တီးပြီး ရဲဘော်ရဲဘက်တွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ပြေပျောက်အောင် လုပ်ပေးနိုင်တဲ့ ကိုအပ်စိုက် (ခ) ခင်မောင်အေး (ခ) ကဗျာဆရာ မှိုင်းအေး(ဧရာဝတီ) ကောင်းရာသုဂတိ လားပါစေ။
    • BarBu Abnb ကိုအားစိုက်ကိုခြေထောက်ကနေကြိုးချီပြီးတန်းမှာဆွဲထားပါတယ်။တအားဘဲနှိပ်စက်
      ခံရတော့ထမင်းမစားနိုင်တော့ပါဘူး။ညညမှာကျွန်တော်အဖမ်းမခံရခင်လုံခြုံရေးတာဝန်ကျတော့ဆန်ပြုပ်သောက်ရင်ဆားတောင်းပါတယ်။အဲအသံကိုကျွန်တော်
      ယခုအချိန်ထိနားထဲကမထွက်ပါဘူး။အော်တရုပ်စစ်စစ်ထောက်လှမ်းရေးတဲ့
    • Nang Aung Htwe Kyi အမှတ်စဉ် ၃ သင်တန်းပြီး တော့ ကိုအပ်စိုက် နဲ့အလုပ်အတူ လုပ်ဖြစ်တယ် ။ABSDF -NB ဝါဒဖြန့်ချီရေး Video ထုတ်ဖို့ပါ။ နောက် ပိုင်းမှာ ဦးစိန်လည်း ဝိုင်းဝန်းကူညီတယ်။ သူနဲ့အလုပ် လုပ်ရတာ လွတ်လပ်မူ့ရှိတယ် ။ရီ၇တော့ ပျော်စရာကောင်း တယ်။ဝမ်းနည်းစရာ ဇာတ်သိမ်းခန်းနဲ့ ဘဝကိုအဆုံးသတ်ခဲ့ရ တယ်။ငြိမ်းချမ်းမူ့ ရရှိပါစေ ကိုအပ်စိုက်




ခင်မောင်အေး(ခ)တင်မောင်အေး(ခ)မှိုင်းအေး(ခ)အပ်ဆိုက်အကြောင်း တစေ့တစောင်း(2)…(ဟာဂျူလီ.ကသာ)
ပြီးခဲ့တဲ့အပါတ်က အပ်ဆိုက်အကြောင်းရေးတော့ သူ့ကိုသိတဲ့သူ့ရဲဘော်ရဲဘက်သေဘော်သေဘက်တွေက သူ့အကြောင်းဝင်ပြောကြတယ်၊ကိုယ်မသိသေးတဲ့အကြောင်းတွေဖြစ်နေလေတော့ ၀င်ပြိးကွန်မင့်ပေးတဲ့သူတွေကို ကျေးဇူးတင်ဖြစ်ပါတယ်၊သူ့ကို တရုတ်စစ်တပ်ကထောက်လှမ်းရေးလို့စွတ်စွဲပြီး သတ်တာလို့လည်း ကျောင်းသားတပ်မတော်ကရဲဘော်တွေက ၀င်ပြောကြတယ်၊တကယ်တော့ ဒီဟာလုံးဝမဟုတ်ခဲ့ပါဘူး၊အပ်ဆိုက်နဲ့ကျွန်တော်နဲ့က ငယ်ကတည်းရင်းနှီးခဲ့ကြတာပါ၊အဲဒီထက်ပိုပြီးခိုင်လုံအောင်ပြောရရင် အပ်ဆိုက်အဖေနဲ့ ကျွန်တော့်အဖေနဲ့ကလည်း အလွန်ရင်းနှီးခင်မင်ခဲ့ကြသူတွေဖြစ်လေတော့ အပ်ဆိုက်အတွက် ကျွန်တော် အသက်နဲ့ရင်းနှီးပြီးတောင် အာမခံနိုင်ပါသေးတယ်၊မှတ်မိသေးတယ်၊အပ်ဆိုက်အမပြောပြတာလေးကို၊
အပ်ဆိုက်လေးဘက်သွားခါစကအကြောင်းလေးပေါ့၊တစ်ရက်တော့ အပ်ဆိုက်အိမ်ကနေပျောက်သွားတယ်တဲ့၊လေးဘက်သွားတဲ့ကလေးငယ်လေး နေအိမ်ကပျောက်သွားတယ်ဆိုတော့ လူကြီးမိဘတွေ ခေါင်းတောက်သွားကြတာပေါ့၊တစ်နေ့လုံးနေရာအနှံ့ရှာကြပေမယ့်မတွေ့ဘူးတဲ့၊မအေလုပ်တဲ့သူကလည်း တငိုငိုတရယ်ရယ်ဖြစ်နေတဲ့အချိန် ညနေအတော်စောင်းတော့မှ့ အပ်ဆိုက်ကိုတွေ့ကြတယ်တဲ့၊တွေ့တဲ့နေရာက သူတို့ရဲ့အိမ်အနောက်မှာရှိတဲ့ ရာဝင်အိုးကြီးထဲမှာတဲ့၊
အပ်ဆိုက်ရဲ့ အရွယ်နဲ့ဘယ်လို ၀င်နေမှန်း မစဉ်းစားတတ်ကြဘူးတဲ့၊အပ်ဆိုက်ကတော့ နို့မစို့ရဘဲတစ်နေံလုံးနေတာတောင် မငိုဘူးဆိုပဲ၊လက်မလေးစုတ်ပြီး ပြူးတူးတူးနဲ့ လူကြီးတွေကိုတောင်ပြန်ကြည့်နေသေးတယ်ဆိုပဲ..တကယ့်အာဂကောင်၊
နောက်သူ့အကြောင်းပြောစရာရှိသေးတယ်၊သူက ကျွန်တော်လို စာရူးပေရူးပန်းချီရူးဆိုတော့ ပိုက်ဆံရမယ့် အိမ်အလုပ်ကိုမလုပ်ချင်ဘူးလေ၊သူ့အဖေဦးချစ်ဆွေကြီးက အလုပ်ကိုသိပ်လုပ်တဲ့သူ၊သူအလုပ်လုပ်သလို သူ့သားသမီးတွေကိုလည်း အလုပ်လုပ်စေချင်တဲ့သူ..၊
အဲဒီမှာ အပ်ဆိုက်ကို သူ့အဖေကကြည့်မရဘူး၊တစ်ခါတော့ အပ်ဆိုက်ကို အလုပ်မလုပ်ပဲ ထမင်းစားတဲ့
အကြောင်းပြောပြီးဆူလိုက်တာ နောက်တော့ အပ်ဆိုက်ဟာ ထမင်းစားတိုင်း သူ့အိမ်က ဟင်းကိုယူမစားတော့ဘူး၊သူကိုယ်တိုင် ငပိဖုတ်ပြီး အဲဒါနဲ့ပဲ ထမင်းစားတယ်၊ နောက်ဆုံးသူ ကျောင်းသားတပ်မတော်ရှိရာ ထွက်ခွါသွားတော့မယ့်ရက်ကလည်း လွမ်းစရာလေးပါ၊သူထွက်မသွားခင်တစ်ရက်က သူစီးနေကြ ဖိနပ်ကလေးပြတ်သွားတယ်၊သူ့အဖေကို သူက ဖိနပ်ပြတ်သွားတဲ့အကြောင်းပြောပြီး ၀ယ်ခိုင်းတယ်၊သူ့အဖေက အိမ်အလုပ် မလုပ်တဲ့အကောင် မ၀ယ်ပေးနိုင်ဘူးပြောတယ်၊အဲ..မအေလုပ်သူက ဒီအကြောင်းသိတော့ သူ့အဖေမသိအောင် ဖိနပ်လေး တိတ်တိတ်ဝယ်ထားတယ်၊ညနေကြရင် သူ့သားကိုပေးမယ်ပေါ့၊ဒါပေမယ့် မပေးဖြစ်လိုက်ပါဘူး၊အပ်ဆိုက်ဟာ အ၀တ်ကလေး(၂)စုံကို ပီနံအိပ်ဟောင်းထဲ ထည့်ပြီး ကျောင်သားတပ်မတော်ရှိရာ ထွက်သွားပြီဖြစ်လို့ပါ၊အပ်ဆိုက် ကျောင်းသားတပ်မတော်ရှိရာသွားတဲ့အချိန်က ဖိနပ်တောင် မပါသွားရှာပါဘူး၊ဒီလိုလူမျိုးကိုများ တရုတ်ထောက်လှမ်းရေးဆိုပြီး ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာ.၊အတ္တကြီးပြီး နေရာကို တပ်မက်တဲ့ လူတစ်စုရဲ့ ပက်စက်မှုကြောင့်လို့ပဲ ပြောရမှာပဲပေါ့၊သြော်မေ့နေတာရှိသေးတယ်၊
အပ်ဆိုက်တောထဲရောက်ပြီး ၀တ္ထုတစ်ပုဒ်ရေးသွားတယ်တဲ့၊သူ့အဖြစ်ကို အခြေခံပြီးရေးခဲ့တာတဲ့၊ဇာတ်လမ်း အပြီးမသတ်ခင် သူအသတ်ခံလိုက်ရတာတဲ့၊သူသေသွားပေမယ့် သူက၀တ္ထုက တစ်ယောက်ယောက်လက်ထဲမှာရှိနေသေးတယ်ဆိုပဲ၊အဲဒီဝတ္ထုလေး လက်ဝယ်ရှိတဲ့သူအနေနဲ့ FBမှာတင်ပေးရင် သိပ်ကောင်းမှာပဲ..။ကဲ နောက်အပါတ်မှ သူ့အကြောင်းဆက်ရေးဦးမယ်..၊
(ဟာဂျူလီ.ကသာ)
  • 6 shares
    • Tun Lin ဒီပုံလေးကို on line ပေါ်မှာတွေ့လိုက်ရတော့ကျောင်းအတူတူတက်ခဲ့တဲ့ငယ်သူငယ်ချင်း အားစိုက်ကိုတကယ်သတိရမီတယ်.....
    • Khin Maung Lwin ပန်းချီဆွဲတဲ့ အားစိုက်၊ ဝင်းခိုင် ၊ ခင်မောင်ရင် နဲ့ ကျွန်တော် တို့ က တစ်ရပ် ကွက်ထဲ သား ငယ်သူငယ်ချင်း တွေ ပါ ။ အားစိုက် အစ်ကို စိချိန်။ သူ့ အစ်မ ရင်ရင် တို့ နဲ့ က သူငယ် တန်း ထဲ က သူငယ်ချင်း ။ အတွင်းသိ အဆင်းသိ
    • Khin Maung Lwin အားစိုက် နဲ့ ပတ်သက် ပြီး ကျွန်တော်တို့ ရဲရဲကြီး အာမခံနိုင်ပါတယ်၊ ကျွန်တော်က ကသာ သား 1984 ကနေ 1992 ထိ ရန်ကုန်တက္ကသိုလ် အင်းဝဆောင် မှာ ပန်းချီ ထိန်လင်း ။ မောင်မောင်ဝမ်းတို့နဲ့ အတူ ဥပဒေ အဓိက နဲ့ ကျောင်း တက်ခဲ့ တဲ့ သူ ပါ။ Ab တာဝန် ရှိသူ တွေ ခင်ဗျား တို့လုပ်ဆောင်ချက် တွေ အရမ်း မှားခဲ့ပါတယ်။ ရိုးရိုးသားသား မှား ခဲ့ တယ် ဆိုရင် ဝန်ချ တောင်းပန် သင့် ပါတယ်၊
    • ဟာဂျူလီ ကသာ အဲဒီအချိန်က AB တာဝန်ရှိခဲ့သူတွေသတ်ခဲ့တဲ့ ကသာသားကျောင်းသား ၅ယောက်စလုံးဟာ ကျောင်းသားစစ်စစ်တွေပါ၊သူတို့မိသားစုတွေ အခုချိန်အထိ ကသာမှာပဲနေထိုင်လျှက်ရှိကြပါတယ်..ကိုယ့်အမှားတွေကို ယောက်ျားပီပီ ၀န်ခံလိုက်ကြစမ်းပါ
    • Khin Maung Htway အပ်စိုက်. ဆိုတဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ ၊ ကသာကျောင်းတွေနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကို
      ကိုဂျူ ဆက်လက်ဖော်ထုတ် မှတ်တမ်းတင်ပေးသင့်ပါတယ်၊ သူတို့ အကြောင်းတွေကို အကို တို့လောက် ဘယ်သူမှ မသိနိုင်ပါဘူး
    • Khin Maung Htway အထက်မှာ ကိုခင်မောင်လွင် ပြောသွားတဲ့ နာမည်တွေက ရင်းရင်းနှီးနှီး သိနေပါတယ်။

No comments:

Post a Comment