Saturday, February 16, 2013

ဂုဏ်ရောင်ပြောင်တဲ့ ကျော်ကျော်မင်း


by Kyaw Gyi AB on Thursday, May 3, 2012 at 5:37am

ဂုဏ်ရောင်ပြောင်တဲ့ ကျော်ကျော်မင်း (သို့မဟုတ်) အကြွေစောခဲ့ရတဲ့ ပန်းကောင်းတစ်ပွင့်

ကျောင်းသားချင်းသတ်ဖြတ်မှုမှာ ကျဆုံးခဲ့တဲ့(၃၅)ဦးထဲမှာ မောင်မောင်ကြွယ်ပြီးရင်

ဒုတိယအသက် အငယ်ဆုံးဖြစ်တဲ့ ကျော်ကျော်မင်း(ကန့်ဘလူ)-

အားလုံးက ဘာကြောင့် ၊ သူလိုငယ်ရွယ်သူတစ်ယောက်ကို

ဘာအညှိုးကြောင့် ဆိုတာ ခန့်မှန်းရ ခက်လောက်အောင်

ကိုထွန်းအောင်ကျော် တို့ နဲ့ တန်းတူဖေဖေါ်ဝါရီ (၁၂)ရက်နေ့မှာ

(၁၅)ယောက်ထဲက အပါအဝင် ခေါင်းဖြတ်ခံခဲ့ရသူ –

တောတွင်းကိုရောက်ကထဲက ငှက်ဖျားရဲ့ဒဏ်နဲ့ ကျန်းမာရေးချို့တဲ့လို့

နောက်ဆုံးမှ ရင်း(၅)မှာပေးတဲ့ အခြေခံသင်တန်းကို တက်ရောက်ပြီးခဲ့သူ –

စိတ်ဓါတ်ပြင်းထန်ပေမယ့် ငှက်ဖျားနှိပ်စက်မှုကမလွတ်သေးချိန်

(၁၅)ယောက်ထဲမှာသူတစ်ယောက် ပဲသေဒဏ်ဖတ်ချိန်မှာ ပျော့ကျသွားတယ် ၊ တွဲခေါ်ခံခဲ့ရသူလို့ထင်ခံခဲ့ရသူ –

အသက်ငယ်ပေမယ့် အစောဆုံး အဖမ်းခံခဲ့ရပြီး ခန္ဓာကိုယ်ထွားကြိုင်းမှုအရ ခဏခဏအရိုက်ခံ အနှိပ်ခံရသူ –

သူ့အကြောင်းကို သူ့ရဲ့လုပ်ဖော်တို့ရဲ့ပြောပြချက်ပါ။





ဂုဏ်ရောင်ပြောင်တဲ့ ကျော်ကျော်မင်း (သို့မဟုတ်) အကြွေစောခဲ့ရတဲ့ ပန်းကောင်းတစ်ပွင့်



၎-၈-၁၉၈၈ ရက်နေ့ မနက် ကျောင်းမတက်ခင်အချိန်မှာပေါ့ မန္တလေးကနေ ပြန်လာကာစ သူငယ်ချင်းဖြစ်သူ ကျော်ကျော်မင်းနဲ့ အခန်းထဲမှာ ဆုံဖြစ်ကြတယ်။ ဒသမတန်း(အေ)အခန်းမှာ သူနဲ့ ကျွန်တော်က တစ်ခုံတည်း ထိုင်တဲ့သူငယ်ချင်းတွေလေ။ကျွန်တော့်ပခုံးကိုဖက်ပြီး အားမာန်အပြည့် ခံစားချက်အပြည့်ပါတဲ့ မျက်နှာထားနဲ့ပြောလာတယ်။

သူငယ်ချင်း အောင်ကျော်မိုး သူများတွေဆီမှာ အကုန်လုံး သပိတ်မှောက်နေကြပြီ မင်းတို့ ငါတို့ကဒီကျောင်းမှာအကြီးဆုံးကျောင်းသားတွေဆိုတော့တို့က ဦးဆောင်ပြီးနှိုးဆော်ပြီး လုပ်ကြမှဖြစ် မယ်။ တို့မြို့ တို့ကျောင်းရဲ့သမိုင်းကိုတော့ အရိုင်းခံလို့မဖြစ်ဘူး

သူငယ်ချင်းဖြစ်သူရဲ့ ရင်ဖွင့်ပြောသံကို ကြားရတော့ ကျွန်တော့စိတ်ထဲမှာ ရှိနေတာတွေနဲ့ တစ်စိတ်တစ်ဝမ်းထဲဖြစ်နေလို့ လက်တွဲဖော် ရဲဘော်ရဲဘက်တစ်ယောက် ရပြီဆိုပြီး ကျွန်တော် ၀မ်းသာ ပီတိဖြစ်သွားမိတယ်။

အေး ငါလည်းအဲဒါကို စိတ်ကူးနေတာဘဲ ဘယ်သူတွေနဲ့ တိုင်ပင်လုပ်ကိုင်ရမယ်ဆိုတာ စဉ်းစား နေတာမင်းနဲ့ငါနဲ့ တစ်ခန်းချင်းလှည့်ပြီး လှုံ့ဆော်ကြတာပေါ့။ စောစောကတောင်မှ ကိုးတန်းက သန်းတင့်၊ မြတ်သူနှင့် နိုင်နိုင် တို့နဲ့ တိုင်ပင်ဖြစ်သေးတယ်။ သူတို့လည်း စိတ်ဓာတ်တက်ကြွနေကြတယ်။ ရှစ်တန်းက အောင်သန်းဝင်းတို့ ညီအစ်ကိုရယ် ထွန်းထွန်းထိုက်တို့ မျိုးထွန်းတို့ အုပ်စုတွေကလည်း တက်ကြွနေကြတယ်။ ခုနှစ်တန်းကကလေးတွေလဲ ဆန္ဒစောနေကြတယ်။ ညနေကျောင်းဆင်းရင်စုရုံး ဆွေးနွေးကြဖို့ ခုဘဲလှည့်ပြောရအောင်

အေး ကောင်းတယ် အခုချက်ချင်း လှည့်ပြောတာကောင်းမယ်

ကျွန်တော်တို့နှစ်ယောက် တစ်ခန်းချင်းလှည့်လည်ပြီး ညနေကျောင်းဆင်းချိန် တောင်ဆည်မှာ စုဝေးကြဖို့

လိုက်လံနှိုးဆော်ခဲ့ကြတယ်။ အားလုံးပဲစိတ်ဓာတ်တက်ကြွနေကြတော့ ၀မ်းသာအားရစွာနဲ့ အခန်းကိုပြန်လာခဲ့ကြတယ်။

ညနေ ကျောင်းဆင်းတော့ နှစ်ယောက်တစ်တွဲ၊သုံးယောက်တစ်တွဲအုပ်စုလေးတွေခွဲပြီး

တောင်ဆည်နဘေးကပေါက်ပင်တွေအုပ်ဆိုင်းနေတဲ့နေရာလေးမှာစုဝေးမိကြတယ်။ ဘယ်လို လုပ်ဆောင်

ကြမယ်ဆိုတာခေါင်းချင်းဆိုင်ပြီးဆုံးဖြတ်ချက်တွေချနိုင်ခဲ့ကြတယ်။ ကန့်ဘလူမြို့နယ်အခြေခံ ကျောင်းသား

များသမဂ္ဂကိုလည်းဖွဲ့စည်းနိုင်ခဲကြတယ်။ အမှုဆောင်အဖွဲ့ဝင်တွေကတော့—

ဥက္ကဋ္ဌ ကျော်ကျော်မင်း

ဒုဥက္ကဋ္ဌ သန်းတင့်

အထွေထွေအတွင်းရေးမှုး အောင်ကျော်မိုး

တွဲဘက်အထွေထွေအတွင်းရေးမှုး အောင်သန်းဝင်း တို့ဖြစ်ပြီး

အလုပ်အမှု့ဆောင်တွေကတော့

(၁) မြတ်သူ (၂) နိုင်နိုင် (၃) ဇော်မင်းထွန်း (၄) ထွန်းထွန်းထိုက် (၅) သန်းခိုင် (၆) သက်နိုင်ထွန်း

(၇) ၀င်းခိုင်ထူး (၈) မင်းနိုင် (၉) ၀င်းနိုင်ဦး (၁၀) မျိုးဇော်အောင်တို့ပါဝင်ခဲ့ကြတယ်။

ပထမဆုံးခြေလှမ်းအနေနဲ့ ကျောင်သားများသို့ နှိုးဆော်ပန်ကြားလွှာကို ကိုတင်မိုးလွင် အကူအညီနဲ့ ဖယောင်းဖောက်လှိမ့်ထုတ်ပြီး (၅)ရက်နဲ့ (၆)ရက်နေ့တွေမှာ ကျောင်ဝင်းအနှံ့ကပ်ကြဖို့ သဘောတူခဲ့ကြ တယ်။ တစ်ဆက်တည်း (၇)ရက်နေ့မှာ မြို့သူမြို့သားများသို့ နှိုးဆော်ပန်ကြားလွှာကို လူစည်ကားတဲ့ နေရာတွေနဲ့ ဈေးထဲမှာဖြန့်ဝေကြဖို့ (၈-၈-၈၈)ရက်နေ့မှာ သပိတ်စတင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။

(၈-၈-၈၈)နေ့မှာ မနက် ကျောင်းတက်ခေါင်းလောင်းထိုးချိန် စတင်စုဝေးချီတက်ကြဖို့ စီစဉ်ခဲ့ ပေမယ့်ဆရာတစ်ချို့ရဲ့ ခြောက်လှန့်ပိတ်ပင်မှုတွေကြောင့် လူစုကွဲသွားခဲ့ပြီး ညနေကျောင်းတက်ချိန်မှ စတင်ဖို့အစီအစဉ်ပြောင်းလိုက်ရတယ်။ မနက်ကျောင်းဆင်းလို့ထမင်းစားချိန်မှာတော့ ရေဒီယိုတစ်နာရီသတင်းမှတစ်နိုင်ငံလုံးရှိကျောင်းသားများအားလုံးကိုပိတ်လိုက်ပြီ

ဖြစ်ကြောင်းကြေညာချက်ထွက်လာတယ်။

အလုပ်အမှုဆောင်အဖွဲ့တွေ ကျောင်းဝင်းထဲ စုဝေးခဲ့ကြပေမဲ့ ဆရာ ဆရာမတွေက ကျောင်းပိတ်ပြီ

ဖြစ်လို့ကျောင်ဝင်းထဲမ၀င်ဖို့နဲ့မိမိအိမ်မိမိပြန်ကြဖို့တိုက်တွန်းခဲ့ကြတယ်။ကျွန်တော်တို့အဖွဲ့တွေကအိမ်မပြန်ဘဲကျောင်းသားတွေကိုလှည့်လည်စုစည်းဖို့လူစုခွဲပြီး

ကြိုးစားခဲ့ကြတယ်။

အစိုးရိမ်ကြီးတဲ့မိဘတွေက မိမိသားသမီးတွေကို ထွက်ခွင့်မပေးတဲ့အတွက် အင်အားကစုစည်းမရ ဘဲဖြစ်နေတယ်။ ဆယ်ယောက်ကျော်ကျော်လေးနဲ့ စတင်ဖို့ကမသင့်တော်တာကြောင့် ညနေ(၆)နာရီခွဲမှာ ပြန်လည်စုဝေးကြဖို့ သဘောတူလိုက်ပြီး လိုက်လံနှိုးဆော်ခဲ့ရပြန်တယ်။ (၆)နာရီခွဲတော့ ကုက္ကိုရိပ် လက်ဘက်ရည်ဆိုင်ရှေ့မှာကျောင်းသားသုံးဆယ်လောက်စုစည်းမိတယ်။ ရှိတဲ့အင်အားနဲ့ဘဲ စတင်ချီတက် ကြွေးကြော်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

ကုက္ကိုရိပ်ရှေ့မှာစုပြီးဘောလုံးကွင်းနဲ့ဈေးရှေ့ကိုပတ်ပြီးလှည့်လိုက်တော့တဖြည်းဖြည်းလူထုအင်အား ပူးပေါင်းလာမှုနဲ့ လူ(၂၀၀)ကျော်လောက်ဖြစ်လာတယ်။ ဈေးနားကနေ မြို့ပေါ်ငါးရပ်ကွက်အကုန်လှည့် လိုက်တော့ည(၈)နာရီကျော်လောက်မှာအင်အားတစ်ထောင်ကျော်လောက်ဖြစ်လာတယ်။ ရှေ့ကနေ ကြွေးကြော်သံတွေကို အားမာန်အပြည့်နဲ့တိုင်ပေးတာကတော့ ကျော်ကျော်မင်းနဲ့သန်းတင့်တို့ ပေါ့။



အင်အားများလာတော့မြို့နယ်ကောင်စီဥက္ကဌအိမ်ရှေ့ကိုသွားပြီး ကြွေးကြော်ကြတယ်။ပရိတ်သတ် နဲ့ တက်ကြွခံစားမှု့နဲ့ဟိန်းထနေတဲ့ ကြွေးကြော်သံတွေကြောင့် လူထုကြီးကြောက်လန့်သွားအောင် ဥက္ကဌကြီးအိမ်ထဲကလုံခြုံရေးတာဝန်ကျနေတဲ့ရဲဘော်တစ်ယောက်က သေနတ်ပစ်ဖောက်ပြီးခြောက်လှန့်ခဲ့တယ်။



ပရိတ်သတ်ရဲ့ဒေါသပေါက်ကွဲမှုတွေကြောင့်ထိပ်တိုက်တွေ့ ပြဿနာဖြစ်မှာစိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့အဖွဲ့ကဘဲ သပိတ်ကိုရပ်နားပြီးနောက်နေ့နံနက်(၇)နာရီမြို့မဘောလုံးကွင်းထဲမှာညီညီညာညာစုဝေးကြဖို့မိမိတို့နှင့်နီးစပ်ရာကိုလည်း နှိုးဆော်တိုက်တွန်းကြဖို့ မှာကြားလိုက်ရတယ်။ ၉-၈-၈၈ရက်နေ့နံနက်(၇း၀၀)နာရီ ဘောလုံးကွင်းမှာပရိသတ်လေးထောင်ကျော်လောက်စုဝေးမိတယ်။ကြွေးကြော်သံတွေတိုင်ပြီးတစ်မြို့လုံးအနှံ့လှည့်လည်ခဲ့ကြတယ်။နေ့လည်(၁၂)နာရီမှာတော့ထမင်းစားနားဖို့ လူစုခွဲပြီး နေ့လည်(၂)နာရီမှာ ပြန်စုကြဖို့ ဖြောင့်ဖြတိုက်တွန်းလိုက်ရတယ်။ ပရိတ်သတ်ကြီးက တော့ ထမင်းမစားဘဲတစ်နေကုန် လှည့်ဖို့စိတ်အားထက်သန်နေကြတာပေါ့။

ကျွန်တော်တို့အဖွဲ့ကဘဲ လုပ်ရမယ့်အလုပ်က ဒီတစ်ရက်တည်းမဟုတ်ကြောင်း တစ်ပါတီအာဏာရှင်မပြုတ်မချင်း လုပ်ဆောင်ကြရ မှာဖြစ်ကြောင်း နှစ်သိမ့်ပြောဆိုကြရတယ်။

နေ့လည်(၂)နာရီမှာတော့ငြိမ်သက်နေတဲ့မြို့ပေါ်ကတက္ကသိုလ်ကျောင်းသားတွေစုစည်းပြီးကျွန်တော်တို့အဖွဲ့နဲ့ အားဖြည့်ပူးပေါင်းပေးခဲ့တယ်။ညနေပိုင်းသပိတ်သိမ်းပြီးချိန်တက္ကသိုလ်ကျောင်းသားကြီးတွေက ကျောင်းသားသမဂ္ဂဖွဲ့ပြီး နေရာဝင်ယူကြတော့ စိတ်တိုကာ လှံဆွဲပြီး ထိုးမယ်လုပ်တဲ့ ကျော်ကျော်မင်း ကို မနည်းချော့မော့ဖျောင်းဖျခဲ့ရတယ်လေ။ အစကတော့ဦးဆောင်ရကောင်းမှန်းမသိဘဲအရှိန်ရလာတော့ မှ နေရာဝင်ယူချင်တဲ့သူတွေအပေါ်ထားတဲ့

့ ကျော်ကျော်မင်း ရဲ့ မဟုတ်မခံစိတ်ဓါတ်ပေါ့။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကျွန်တော်တို့သပိတ်အဖွဲ့တွေ မြို့ပေါ်မှာဆက်နေလို့မဖြစ်တော့ ဘူးဆိုပြီးနီးစပ်ရာ ရွာလေးတွေမှာ လူစုခွဲပြီးခေတ္တရှောင်တိမ်းခိုလှုံခဲ့ကြတယ်။ အဲဒီအချိန်ကျွန်တော်တို့နဲ့ အတူတူသင်ပန်းတောရွာမှာတစ်အုပ်စု

တည်းကျတဲ့ ကျော်ကျော်မင်းက အဖွဲ့ကို အကြံတစ်ခုတင်ပြတယ်။

သူ့တင်ပြချက်ကတော့ –

ကျွန်တော်တို့ဒီရွာမှာအကြာကြီးနေလို့လည်းမဖြစ်ဘူး။မြို့ပေါ်ကိုပြန်လို့လည်းမဖြစ်သေးဘူး။ ပြန်ရင်အဖမ်းခံရမှာဘဲ၊ ဒီတော့ကျွန်တော်ပြောချင်တာက နယ်စပ်ကိုဘဲဖြစ်ဖြစ် KIA နယ်မြေကိုဘဲဖြစ်ဖြစ် ရောက်အောင်သွားပြီးခိုလှုံဖို့ ကျွန်တော်အကြံပြုချင်ပါတယ်။

ဒါကABSDF မြောက်ပိုင်းဆိုတာဖြစ်လာဖို့အကြံပြုထုတ်ဖော်ခဲ့တဲ့ ကျော်ကျော်မင်းရဲ့စိတ်ကူးကို ဖော်ပြနေတာပါဘဲ။

နောက်နှစ်ပတ်လောက်ကြတော့မ၀တ ဥက္ကဌက ကျောင်းသားမိဘတွေကိုခေါ်တွေ့ပြီး မိမိတို့သားသမီးတွေကို နိုင်ငံရေးမလုပ်တော့ဘူးဆိုတာခံဝန်ချုပ် လက်မှတ်ထိုးပေးမယ်ဆိုရင်ပြန်လာလို့ ရတဲ့အကြောင်းပြောပါလေရော။ မိဘတွေရဲ့ဖျောင်းဖျခေါ်ဆောင်မှုကြောင့် ကျွန်တော်တို့တစ်တွေအိမ်ပြန် ရောက်ခဲ့ကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေပါမယ်ဆိုတဲ ခံဝန်ချုပ်လက်မှတ်တွေ အစီအရီထိုးခဲ့ကြရတယ်။

၁၉၈၉ခုနှစ်မှာကျောင်းတွေပြန်ဖွင့်တော့ကျွန်တော်တို့ကျောင်းပြန်တက်ခဲ့ကြတယ်။ကျောင်းအပ်ရင်း ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ဗိုလ်ချုပ်နေ၀င်းဓါတ်ပုံချိတ်ဆွဲထားတာကို မြင်ကြရတော့ကျွန်တော်တို့တွေ စိတ်မကြည်မသာဖြစ်ကြရတော့တယ်။ ကျော်ကျော်မင်က

တို့တစ်တွေ ဒီပုံကိုဖြုတ်ခိုင်းကြရမယ် လို့ 

အကြံပြုလာလို့ကျွန်တော်တို့အဖွဲ့တွေစုပြီးသားငှက်ခြံထဲကအပင်တွေအုပ်ဆိုင်းနေတဲ့ကြားက မြေကွက်လေးမှာလျှို့ဝှက်တိုင်ပင်ခဲ့ကြတယ်။အားလုံးရဲ့ဆန္ဒနဲ့

အချက်လေးချက်ကို ကျောင်းအုပ်ဆရာမကြီး ဆီတက်ရောက် တောင်းဆိုဖို့သဘောတူခဲ့ကြတယ်။ အဲဒီအချက်လေးချက်ကတော့ –

(၁) ကျောင်းစာကြည့်တိုက်ဖွင့်ပေးရန်

(၂) စာအုပ်နှင့်စာရေးကိရိယာလုံလောက်စွာဝယ်ယူရရှိနိုင်အောင်စီစဉ်ပေးရန်

(၃) ကျောင်းသား/သူများအတွက်အိမ်သာနှင့်သေးပေါက်ခြံလုံလောက်မျှတအောင်စီစဉ်ပေးရန်

(၄) ရုံးခန်းတွင်းမှ ဗိုလ်ချုပ်နေ၀င်းဓါတ်ပုံကို ဖြုတ်ချပေးရန်ဆိုပြီး

ကျောင်းသား(၄၀)လောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးနဲ့ တွေ့ဆုံတောင်းဆိုခဲ့ကြတယ်။ ဆရာကြီးဦးအေးနှင့်ဦးတင်မြင့် တို့က ကျောင်းသားများမှ ဓါတ်ပုံကို ဇွတ်ဖြုတ်ချလျှင် ဒုက္ခရောက်မည် စိုးရိမ်၍ ကျောင်းအုပ်ဆရာမကြီးသဘောမတူဘဲဖြုတ်ချလိုက်တယ်။ အဲဒီလုပ်ရပ်ကြောင့်ကျွန်တော်တို့ချစ်တဲ့ဆရာကြီးနှစ်ယောက်အဝေးကိုစေလွှတ်ခြင်းခံရလိုက်ရတာပေါ့။ကျောင်းအုပ်ဆရာမကြီးကမျက်နှာလိုမျက်နှာရလုပ်ပြီး မ၀တနှင့် အထက်အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်ကို အကြောင်းကြားတိုင်တန်း ခဲ့တယ်။

ညနေကျောင်းဆင်းလို့ ကျွန်တော်တို့လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့အချိန် ကိုထွန်းကြည်ဆိုတဲ့ ရဲတစ်ယောက်ရောက်လာပြီး -

မင်းတို့ကိုအရေးတကြီးပြောစရာလေးရှိလို့ငါပြောတယ်ဆိုမပေါက်ကြားစေနဲ့စခန်းကိုခယကဥက္ကကြီးဆီကကြေးနန်းဝင်လာတယ်။ ခယကဥက္ကကြီးနဲ့ ခရိုင်ရဲမင်းကြီး EMC နဲ့ရွှေဘိုကထွက်လာခဲ့ပြီးတဲ့ မင်းတို့အရေးမှာဦးဆောင်ခဲ့တဲ့ကျောင်းသားတွေကို ဒီနေ့ညဘဲဖမ်းဖို့အမိန့်ပေးထားတယ် ဆိုတာပြောပြီး ကုတ်ကုတ်လေးပြန်ထွက်သွားတယ်။

ကျွန်တော်တို့လည်းချက်ချင်းဘဲ အဖွဲ့တွေကိုအစည်းအဝေးခေါ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ဈေးဟောင်း တောင်ဘက်က သူငယ်ချင်းသန်းခိုင်ရဲ့ ဦးလေးပိုင်တဲက ပျဉ်ထောင်အိမ်ကြီးမှာ အစည်းအဝေးထိုင်ခဲ့ ကြတယ်။ ကျော်ကျော်မင်း နဲ့ ကျွန်တော်ကဘဲ

ဒီနေ့ညဘဲငါတို့အဖမ်းခံကြမယ်ဆိုတာပြောကြားပြီးကျန်ရစ်သူတွေ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်နဲ့ဆက်သွယ်ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေရဲ့လိပ်စာတွေကိုပေးပြီးအိမ်ပြန်ခဲ့ကြတယ်။

ည(၁၂)နာရီလောက်ကျတော့ကျွန်တော်တို့အဖွဲ့က ကျောင်းသားငါးယောက်နဲ့ NLD က ဦးဘရွှေ ကိုပါဖမ်းဆီးချုပ်နှေင်ခံလိုက်တယ်။

အဖမ်းခံရတဲ့ကျောင်းသားတွေကတော့ –

(၁) ကျော်ကျော်မင်း

(၂) မြတ်သူ

(၃) နိုင်နိုင်

(၄) အောင်သန်းဝင်း

(၅) အောင်နိုင်ဦး တို့ဖြစ်ပြီး

အောင်သန်းဝင်းတို့ဖခင်ဦးဘရွှေကိုတော့ကလေးတွေကို မြှောက်ပင့်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတရားဖမ်းဆီးခဲ့တာပါ။ကျွန်တော်ကတော့ကံကောင်းလို့အဖမ်းခံရတဲ့ထဲမပါပေမယ့်(၈၉^၉၀)စာသင်နှစ် အတွက် ကျောင်းတက်ခွင့်ကနေရပ်နားခံလိုက်တယ်။ ကျန်တဲ့ကျောင်းသားငယ်တွေကိုလည်း ခံဝန်ချုပ်လက်မှတ် အလီလီအထိုးခိုင်းပြီး သြ၀ါဒအမျိုးမျိုးပေးကာ ကျောင်းနှစ်ပတ်ဆီနားခိုင်းလိုက်တယ်။ကျွန်တော်တို့နဲ့ဇီးကုန်းကျောင်းသားတွေရဲ့ ကြေညာချက်များထုတ်ပြန်ဖြန့်ဝေမှုစုပေါင်းလှုပ်ရှားမှု တွေကြောင့် ကျောင်းသားငါးယောက်ကို တစ်အကြာမှာလွှတ်ပေးလိုက်ပေမယ့် ဦးဘရွှေကိုတော့ သုံးလ ကျော်ကျော်လောက် ချုပ်နှောင်ထားခဲ့တယ်။ အဲဒီစိတ်ဒဏ်ရာနဲ့ပဲ ဦးဘရွှေခင်ဗျာ စိတ်ဖောက်ပြီး ကျန်းမာရေးဆိုးဝါးတဲ့ဒဏ်ကို ဘ၀တစ်လျှောက်လုံး ရင်စည်းခံခဲ့ရတာပါ။

ကျော်ကျော်မင်း အချုပ်ကလွတ်ပြီး အပြင်ရောက်တော့ –

ငါဒီအတိုင်းတော့ ငြိမ်ခံမနေနိုင်ဘူးကွာ ဒီမှာဘာမှမလုပ်ရတာနဲ့စာရင်တောခိုပြီး လက်နက်ကိုင် တော်လှန်ရေးဘဲ လုပ်တော့မယ် လို့ဆိုလာတယ်။

ကျွန်တော်တို့တတွေ ၀ိုင်းဝန်းတားမြစ်ပေမယ့်နားမယောင်ခဲ့ဘူး။ မိုးညှင်းကကျောင်းသားတွေရဲ့ အဆက်အသွယ်နဲ့ KIA နယ်မြေက ABSDF ကျောင်းသားတပ်မတော်ကိုထွက်ခွာသွား ကြတယ်။

ကန့်ဘလူမြို့ပေါ်မှ လိုက်ပါသွားသူတွေကတော့ –

(၁) ကျော်ကျော်မင်း ဒဿမတန်း

(၂) မြတ်သူ န၀မတန်း

(၃) ၀င်းနိုင်ဦး န၀မတန်း

(၄) ၀င်းခိုင်ထူး သတ္တမတန်း

(၅) မျိုးဇော်အောင် သတ္တမတန်း တို့ပါဘဲ။

နောက်ပိုင်းမှာတော့ကျွန်တော်တို့သူငယ်ချင်း ကျော်ကျော်မင်းကို ထောက်လှမ်းရေးလို့အစွပ်စွဲခံရပြီးအသတ်ခံလိုက်ရတဲ့အကြောင်းကြားသိခဲ့ရတယ်။ ကျန်တဲ့လေးယောက်မှာတော့အသက်မသေဘဲ ပြန်လာ နိုင်ခဲ့လို့ ၀မ်းသာရပေမယ့် သူတို့ကိုမြင်ရတိုင်း ကျော်ကျော်မင်း အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်။

မဟုတ်မခံစိတ်နဲ့ တော်လှန်ရေးအတွက်ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ကျွန်တော်တို့သူငယ်ချင်းအတွက်ဝမ်းနည်းပက်လက်ဖြစ်ကြရတယ်။ သူငယ်ချင်းတစ်ယောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်း ရင်း အကြွေစောခဲ့ရတဲ့ တစ်ပွင့်ပန်းသူရဲကောင်းအဖြစ် အမှတ်တရဂုဏ်ပြု ဖော်ထုတ်လိုက်ရပါတယ်


အောင်ကျော်မိုး

မြတ်သူ တိုက်ပွဲဖမ်းမိ (ဗန်းမော်ထောင်)ကျခဲ့ပါတယ်။

မျိုးဇော်အောင် ပါဂျောင်မှာပဲ ထောက်လှမ်းရေးဆိုပြီး အဖမ်းခံခဲ့ရပေမယ့် အသတ်မခံခဲ့ရပါဘူး
· · · Share

  • 41 shares
    • Kyawnaing Oo တော်လှန်ရေးမှာစွပ်စွဲမှုများစွာနဲ့တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့သူငယ်ချင်းများရဲ့ဘ၀သရုပ်မှန်ကိုရေးသားဖေါ်ထုတ်ပေးရင်းအဖျက်အမှောင့်များက်ုနိုင်ငံရေးအသိုင်းအ၀ိုင်းမှဝိုင်းဝန်းဖယ်ရှားပေးပါလို့တောင်းဆိုလိုက်ပါတယ်
      May 3 at 5:57am · · 9
    • Thiha Kyaw After reading this , it is more clear Kyaw Kyaw Min and Myo Zaw Aung are not spies.It is impossible,by anyway they are spies.Thanks for this article and keep on post like this.I wanna know where and how is Win Khaing Htoo,we called him Dein Daung.
      May 3 at 6:43am · · 5
    • Kyaw Gyi AB စာဝတီး ကောင်းတုံတိုက်ပွဲ တုံးက ဒီတစ်ခါမှ ဒိန်းဒေါင်တို့  မသေရင် ဘယ်တော့မှ မသေတော့ဘူးလို့  သူပြောခဲ့တဲ့ အတိုင်းပါပဲ ၊ကျန်းကျန်းမာမာပါဗျာ ။မိန်းမမရသေးပါ၊အလုပ် နဲ့  ကန့် ဘလူ ကနေအဝေး ရောက်နေပါတယ်။
      May 3 at 6:56am · · 6
    • Thiha Kyaw Happy to hear this.I worried about him because he was missing.
      May 3 at 7:02am · · 1
    • ဘရာဇီး ငှက်ရိုး ကိုညီကျော် ဖြစ်နိုင်ရင် ဂူဂဲလ်မြေပုံမှာ လိုင်စင်တောင် ပါဂျောင်စခန်းကို ညွှန်ပေးပါဦး... အဲ့မှာ အခုမြင်ရတဲ့ ပုံမျိုး တင်ထားချင်လို့ပါ...
      May 3 at 11:11pm · · 1
    • Flygon Thapyay ဟုတ်တယ် ဟုတ်တယ် ... ဂူဂယ် အပ် ကနေ ကြည့်ရင် ပါချောင် စခန်း ရှိနေသေးလား အပေါ်က အာဆံ ကုန်းရော ရှိနေသေးလား မသိဘူးနော်...
    • Ko MoeJee ၁၀တန်းကျောင်းသား၊ ၉တန်းကျောင်းသား၊ ၇တန်းကျောင်းသားလေးတွေက ထောက်လှမ်းရေးတွေလားဗျာ။
      May 4 at 1:35am · · 1
    • Kyaw Gyi AB ကိုငှက် ကျွန်တော်ကြည့်ပြီးပြီ တော်တော်ပြောင်းလဲနေတယ်။ဗန်းမော်ခရိုင် (ပတာလင်) ရှာရတာနဲနဲခက်တယ်၊FEB12 အနှစ်(၂၀) ပွဲ ကိုထွန်းအောင်ကျော် ပုံ နောက်ခံ ဂူဂဲ ပုံမှာ ကြယ်နီ (၂)ခုပြထားတယ်။ နေရာသိယုံပေါ့။
      May 4 at 11:41am · · 1
    • ဘရာဇီး ငှက်ရိုး ကျနော် ဆမားအထိပဲ ရောက်တယ်... တရုတ်ပြည်ထဲမှာလား ဗမာပြည်ထဲမှာလား သေချာ မခွဲခြား တတ်ဘူးဖြစ်နေတယ်... တအားတော့ ပြောင်းလဲ သွားပါပြီ... ဘာပဲဖြစ်ဖြစ် အမှတ်တရ အဖြစ်တင်ထား လိုက်ချင်တယ်...
      May 4 at 12:26pm · · 1
    • Kyaw Gyi AB ဆမား က အနီးဆုံးမြို့ (တရုတ်ပြည်) အထက်ဖက်ကို တောင်ပေါ်လမ်း အတိုင်း ဆက်တက်ပါ၊ ရွာတစ်ရွာတွေ့ မယ်(ရှားဟော့ပါ၊တရုတ်ပြည်)၊ ပြီးရင် လိုင်စင် (အဆောက်အဦးကောင်းတယ်၊အမိုးပြာတွေနဲ့ )အထက်ဖက်က new camp (အဆောက်အဦးပိုများတယ်) ဘယ်ဖက် ပါဂျောင် (အဆောက်အဦး နဲတယ်၊လမ်းထင်၇ှားတယ်) အဲဒါ ကျောင်းသားတပ်နေရာပါ၊
      May 4 at 1:11pm · · 1

No comments:

Post a Comment