မေမေ့နားထဲ သမီးလေးရဲ့ ရှိုက်သံသဲ့သဲ့ကြားခဲ့ရတယ်( လိုင်စာတွင် ကြွေလွင့်ခဲ့ရသော မခင်ချိုဦးအတွက်)
သမီးလေးရေ ဆောင်းရာသီကို တစ်ဖန်ရောက်လာပြန်လို့ ခရစ္စမတ်နေ့တောင်ရောက်တော့မှာပဲ။
အော် တစ်နှစ်ကုန်ခါနီးပါပေါ့လား။ ဘာလိုလိုနဲ့ သမီးလေး မေမေ့ဘ၀ထဲက အပြီးထွက်ခွာသွားတာ အနှစ် ၂၀ပြည့်
တော့မှာပဲ။ ဒါပေမဲ့ မေမေ့နှလုံးသားထဲကတော့ သမီးထွက်သွားလို့မှ မရတာပဲ။ မေမေက နေ့ရက်တွေကို ရေမထားဖူး
သမီးရဲ့။ ရက်တွေရေထားရင် အတိအကျသိနေတဲ့ ကိန်းဂဏန်းကြီးက သေချာပေါက် မေမေ့ကို နှိပ်စက်နေမှာလေ။ သမီးလေးအငွေ့အသက်တွေက မေမေ့နားမှာ အမြဲရှိနေမှတော့ မေမေကျေနပ်ပါတယ်။
မနက်ခင်းဆို အေးလိုက်တာ သမီးလေးရယ်။အနွေးထည်လေးထပ်ထားတာတောင်မှ နောက်ဖေးက
လေသိပ်တိုးတာပဲ။သမီးရှိနေရင် ဘာလို့အစောကြီးထတာလဲလို့ မေးအုံးမှာ မြင်ယောင်သေးတော့တယ်။ မေမေက
မြတ်စွာဘုရားထံဆွမ်းကပ်ရင်း မေမေ့သမီးလေးရောက်လေရာဘ၀တိုင်းမှာ အန္တရယ်ကင်းရှင်းဖို့ ဆုတောင်းတယ်။
ဒါတွေက ဟိုးအရင် သမီးလေးမွေးကထဲက လုပ်နေကြဆိုတာ သမီးလေးသိတယ်မဟုတ်လား။ အခုတစ်လော မေမေ စိတ်သွားတိုင်းကိုယ်မပါတော့ဖူး။ ဟိုဟိုဒီဒီ သိပ်မသွားနိုင်တော့ဖူး။ တစ်ကယ်ဆို ရွေတိဂုံစေတီတော်မြတ်ကြီးဆီ
နေ့တိုင်းပန်းလာကပ်ချင်တယ်။ ဘုရားချင်းတူတူပါပဲ၊ အိမ်ကဘုရားမှာလဲ မေမေနေ့တိုင်းပန်းကပ်နေတာပဲလို့တော့
မပြောနဲ့နော် သမီးလေး။ ရွေတိဂုံစေတီရင်ပြင်မှာ ထိုင်ပြီးတစ်ဝကြီးဖူးရင်း မေမေဆုတွေတောင်းချင်တယ်။
မေမေ့သမီးလေး နောင်ဘ၀မှာ လှလှပပအေးအေးချမ်းချမ်းလေးဖြစ်ပါစေလို့။ ဆွမ်းကပ်ပြီးရင်မေမေက
အိမ်ရှေ့ရေချမ်းစင်မှာ သောက်ရေကုသိုလ်လုပ်တယ်။ ဒါမှ သမီးလေးအတွက်မေမေလုပ်တဲ့ကုသိုလ်တွေက နောင်
ဘ၀မှာသမီးနဲ့ပြန်ဆုံဖို့ကို အထောက်အပံ့ဖြစ်မှာလေ။ မေမေလေ သမီးလေးကို အရမ်းလဲတွေ့ချင်သလို သတိလဲ
အရမ်းရတာပဲ။ ဒါပေမဲ့......။ သမီးကပြန်မဆုံနိုင်မဲ့ခရီးကို ထွက်သွားခဲ့ပြီ။
နေ့လည်ထမင်းစားပြီးရင်တော့ မေမေအိပ်ရာထဲမှာ ခဏလေးလှဲရတယ် ။ အိမ်သားတွက နေ့ခင်းနေ့လည် တစ်ရေးအိပ်ဖို့ပြောလဲ အိပ်မှမပျော်တာပဲ။ ကိုယ့်ကိုစိုးရိမ်ကြောင့်ကြနေမှာစိုးလို့သာ ခဏတစ်ဖြုတ် အိပ်ရာထဲအလှဲပြ
တာပါ။ ပြီးရင်မေမေစိတ်နေကျပုတီးယူပြီး ဂုဏ်တော်စိတ်နေလိုက်တယ်။ ပုတီးစိတ်သာစိတ်ရတယ်။ အာရုံတွေက
တယ်မရပါဖူး။ စိတ်တွေကလည်း တောင်ရောက် မြောက်ရောက်နဲ့ရယ်။ ရင်နဲ့ကိုးလလွယ်ဆယ်လနီးပါးထမ်းထားပြီး
မွေးထုတ်ခဲ့ရတဲ့ သမီးလေးဆီကိုပဲ မေမေ့စိတ်တွေ ရောက်ရောက်နေတယ်။ မွေးကင်းစရက်သားလေးထဲကစလို့
မေမေ့အိမ်ကနေ တက္ကသိုလ်ကျောင်းသူသမီးလေး အပြီးထွက်သွားတဲ့နေ့အထိကို သမီးပုံရိပ်လေးတွေပြန်ဖော်ပြီး
အလွမ်းဖြေနေရတယ်ကွယ်။ ဟိုးတုံးက နေ့လည်ဆို လသားအရွယ်သမီးလေးက မေမေ့ရင်ခွင်ထဲမှာ မျက်လုံးလေး
မှေးပြီးငြိမ်လို့။ မေမေကတော့ သမီးလေးသေသေချာချာအိပ်ပျော်တဲ့အထိ သားချော့တေးတွေညည်းရင်း ဖင်ကလေး
ပုတ်သိပ်ရတယ်။ သမီးလေးနှိုးလာတော့လဲ မေမေ့အလုပ်တွေပစ်ထားခဲ့ပြီး သမီးနားမှာ ၀ိုင်းဆော့ကျီစယ်ရင်း မေမေ့
အတွက် အားဖြစ်စေတဲ့ သမီးရယ်သံလေးတွေ နားထောင်ရင်း ပီတိတွေဖြစ်ရတာ အကြိမ်ကြိမ်။ ဟော သမီးလေး
ငိုတော့လည်း မေမေ့မှာချော့လိုက်ရတာ နည်းပေါင်းစုံနဲ့ပေါ့။ အဖြူအစိမ်းကျောင်းဝတ်စုံလေးနဲ့ မူလတန်းကျောင်း
စတက်တဲ့နေ့မှာ ကျောင်းဆင်းချိန် လာကြိုတဲ့ မေမေ့ကိုဖက်ပြီး သမီးလေးဝမ်းပန်းတနဲ ငိုတာလေး လဲပြန်မြင်ယောင်
မိတယ်။ခြောက်ကပ်နေတဲ့အိမ်ထဲမှာ သမီးလေးရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေနားစွင့်ရင်း သမီးကိုင်တွယ်ခဲ့တဲ့ပစ္စည်းလေး
တွေထိတွေ့ရင်း သမီးဆီကို လိုက်လာလို့ရမဲ့အချိန်ထိ နေ့ရက်တွေကို အင်အားမဲ့စွာ မေမေဖြတ်ကျော်နေရအုံးမယ်။
မေမေလဲ လွမ်းလှပါပြီ။
မနက်၊ နေ့လည်၊ ညနေ၊ ည အချိန်ပြပုဒ်တွေထဲမှာပဲ နေ့စဉ် လူတွေလည်ပတ်နေရတယ်။ မိမိတို့အချိန်တွေ
ကုန်ဆုံးစေတယ်။ အကျိုးရှိရှိ အသုံးချတဲ့ လူကောင်းများလဲရှိတယ်။ အကျိုးမရှိပဲ ပျင်းရိစွာ၊ တွေဝေစွာနဲ့ ဘ၀ကိုကုန်ဆုံးစေ
တဲ့ လူပျော့လူညံ့များလဲရှိတယ်။ ဒုစရိုက်မှုတွေလုပ်ပြီး ထောင်နှုတ်ခမ်းဝနင်းနေတဲ့ လူဆိုးများလဲရှိတယ်။ ဒါပေမဲ့လူဆိုးတွေ
က ကိုယ့်ကောင်းကျိုးအတွက် သူတစ်ပါးကို ရိုက်မယ်၊ နှက်မယ်၊၊ ခန္ဓာကိုယ်ကို နာကျင်အောင်ပဲ လုပ်တာ။ လူယုတ်မာများက
မှ မိမိလိုဘအတွက် တစ်ပါးသူရဲ့ စိတ်ကိုရော၊ လူကိုရော၊ဘ၀ကိုရော၊ ယုံကြည်မှုကိုရော အစိတ်စိတ်အမွာမွာဖြစ်အောင်
ရိုက်ချိုးကြတာ။ ဒါတွေကို သမီးလေး အရွယ်ရောက်စကထဲက မေမေဆုံးမသွန်သင်ခဲ့တာ သမီးမှတ်မိမှာပေါ့။ အထူးသဖြင့် သမီးလေးတက္ကသိုလ်ကျောင်းသူဖြစ်လို့ ယုံကြည်ချ့က်တွေနဲ့ တော်လှန်ရေးထဲဝင်တော့ မေမေသေသေချာချာထပ်ပြောပြခဲ့
တယ်နော်။ တစ်နေ့တစ်နေ့သမီးတို့ ၈၈ကျောင်းသားလူငယ်အကြောင်း သမီးပြောပြောပြတာ နားထောင်ရင်း မေမေသမီးရဲ့ မျက်နှာလေးကို အကဲခတ်နေတာ သမီးမသိခဲ့ဖူး။ တက်ကြွစွာပြောနေတဲ့ မေမေ့သမီးလေး ရင်ထဲမှာ သမီးတို့ပြောနေတဲ့ ဒီမိုကရေစီစနစ်ဆိုတာ အမြစ်တွယ်နေပြီပဲလို့သိလိုက်ရတယ်။ တော်လှန်ရေးကျောင်းသူလေးရဲ့မိခင် မေမေကတော့
နိုင်ငံရေးလဲနားမလည်ပါဖူး။ ဒီမိုကရေစီဆိုတာကိုလဲ မသိပါဖူး။ မေမေကမထက်မြက်သော သာမန်မိခင်တစ်ယောက်
ဆိုပေမဲ့ပြည်သူများအလယ်မှာတော့ သမီးလေးတို့ မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့အတွက်ဲဂုဏ်ယူစရာဆိုတာတော့
နားလည်ခဲ့တယ်။ ဒါပေမဲ့ သမီးလေးရယ် ဘ၀ဆိုတာ ကံဇာတ်ဆရာ ရေးဆွဲတဲ့အတိုင်း ကနေရတာပါ။ တစ်နေ့၊ အဲဒီနေ့မှာ
မေမေ့ကိ သမီးရဲ့စကားတစ်ခွန်း၊ အနမ်းတစ်ချက်၊ မျက်ရည်တစ်စက်နဲ့အတူ ထားသွားခဲ့တယ်။ အသဲထဲထိ စွဲနေအောင်
မေမေမှတ်မိနေသေးတယ်။ " မေမေ လိုချင်တဲ့ဒီမိုကရေစီရအောင် သမီးတို့ ပြန်တိုက်မှရတော့မယ်။ အခုပဲ ကျောင်းသား
ရဲဘော်တွေနဲ့အတူတူ ခရီးထွက်တော့မယ်။ သမီးတို့ အောင်ပွဲရအောင် ဆုတောင်းပေးနော်။ မေမေ့ကို သမီးသိပ်ချစ်တယ်"
လို့ပြောပြီး မေမေ့ပါးကိုနမ်းလို့ သမီးလေး လှည့်ထွက်သွားခဲ့တာလေ။ အံ့သြစိတ်၊ စိုးရိမ်စိတ်တွေတစ်လှေကြီးနဲ့ သမီးနောက်
ကို မေမေပြေးလိုက်လာတော့ တစ်ချက်လှည့်ကြီးပြီး သမီးလေး ပြန်လှည့်အထွက်မှာ သမီးပခုံးပေါ်ကို မျက်ရည်စက်လေး
တစ်စက် ကျသွားတာရယ်။ အရု့ပ်ကြိုးပြတ်ဖြစ်ပြီး ကျောခိုင်းလို့ တစ်လှမ်းချင်းသွားနေတဲ့ သမီးနောက်ကျောလေးကိုပဲ
ငေးကြည့်နေရင်း မေမေ့အမြင်အာရုံတွေကို မျက်ရည်တွေကေ၀၀ါးစေခဲ့တယ်။ အဲဒီပုံရိပ်လေးဟာ မေမေ့ဘ၀အတွက်
သမီးလေးကို နောက်ဆုံးတွေ့တာလို့ မေမေဘယ်လိုကြိုသိခဲ့မှာလဲ သမီးရယ်။ သိများသိခဲ့ရင်လေ ......။
ဟုတ်တယ် သမီးလေး။ သိများသိခဲ့ရင်လေ တားမရတဲ့သမီးနောက်ကို မေမေအရလိုက်ခဲ့မှာပဲ။ သေအတူရှင်
မကွာပေါ့။ အဲ့ဒီစကားကို တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေကြားရင် ရယ်စရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ မိခင်
တစ်ယောက်ရဲ့ ရင်ထဲကမေတ္တာကို ဘယ်လိုအာဏာရှင်၊ ဘယ်လိုစနစ်၊ ဘယ်လိုလက်နက်တွေနဲ့မှ မချေဖြတ်နိုင်ပါဖူး။
မေမေ့ဘ၀ထဲကို သမီးရောက်လာပြီးမှတော သမီးမရှိတော့ရင် မေမေအသက်ရှင်နေလဲ ဘာအဓိပ္ပါယ်ရှိနိုင်မှာတဲ့လဲ။
မိခင်တစ်ယောက်ရဲ့ ဘ၀၊ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေက သားသမီးအတွက်ပဲ ရှိတော့တာပဲလေ။ အခုရော မေမေဆီမှာ ဘာရှိတော့လို့လဲ။ ငိုရလွန်းလို့ မျက်ရည်တွေလဲ မထွက်တော့ဖူး။ တစ်နေကုန် တစ်ယောက်ထဲ
တိတ်ဆိတ်မှုနဲ့ အထီးကျန်မှုကို အဖော်လုပ်ပြီး ညအရောက်ကို စောင့်နေရတယ်။ မဟုတ်ရင် အိမ်သားတွေရဲ့ တရားချ
တာတွေ နားထောင်ရအုံးမယ်လေ။ မေမေလဲ ဗုဒ္ဓဘာသာဝင်ပဲ သိတာပေါ့သမီးလေးရယ်။ ဒါပေမဲ့ သမီးလေးနဲ့တွေ့ချင်တဲ့
စိတ်က ဘယ်တရားကိုမှ နားမ၀င်စေဖူး။ ညရောက်တော့ အကုန်လုံးအိပ်ကြပြီပေါ့။ မေမေလဲအိပ်ပျော်သွားရင်အိမ်မက်
ထဲမှာ သမီးလေးအရိပ်တွေကို လိုက်ရှာနေမယ်။ အိပ်မပျော်လဲ အိပ်ရာထဲ ဟိုဘက်ဒီဘက်လှည့်ရင်း အဝေးကြီးက
နင်းလာမဲ့ သမီးခြေသံလေးတွေ နားစွင့်နေမိတယ်။ တစ်ခါတစ်ခါ ဟိုးလမ်းမပေါ်က ခွေးတွေဟောင်သံကြားရင် မဖြစ်နိုင်
မှန်းသိရက်နဲ့ ပြတင်းတံခါးဖွင့်ကြည့်ရင်း မျှော်နေမိတုံးပဲ။
ဆောင်းညကလည်း ရှည်လိုက်တာ သမီးရယ်။ အခန်းထဲဝင်လာတဲ့ ဆောင်းလေကလေးက တယ်အေးတာပဲ။
ရန်ကုန်ဆောင်းညမှာတောင် ဒီလောက်အေးနေရင် မြောက်ပိုင်းလိုင်စာလိုနေရာမျိုးမှာ ရေခဲနေပြီထင်ရဲ့။ လိုင်စာဆိုတဲ့
စာလုံးကို တတ်နိုင်ရင် မေမေမေ့ပစ်လိုက်ချင်တယ်။ အဲဒီစာလုံးလေးက မေမေ့နှလုံးသားကို အကြိမ်ကြိမ်ဆုတ်ချေမွနေ
နေတယ်။ လူဆိုတော့လည်း ခက်သားလား။ မေ့ချင်ပါရက်နဲ့ မမေ့နိုင်အောင် အသဲထဲမှာ စွဲနေတယ်။ အိပ်မှပါပဲ။ အိမ်မက်
ထဲမှာ သမီးလေးနဲ့တွေ့ရအောင် အိပ်ပျော်မှဖြစ်မယ်။ အိပ်ပြီနော် သမီးလေး မေမေ့ကိုစောင့်နေနော်။ လွန်ခဲ့တဲ့ ဟိုး
အနှစ်၂၀လောက်တုံးက ညတစ်ညမှာ မေမေအိမ်မက်မက်ခဲ့တယ်။ အိမ်မက်ထဲမှာလည်း မေမေကအိပ်နေတယ်။ အိပ်ပျော်နေရင်းကနေ မေမေ့နားထဲမှာ ရှိုက်သံသဲ့သဲ့လေးကိုကြားလိုက်ရတယ်။ နောက်တော့ မေမေလို့ ငိုရှိုက်ရင်း ခေါ်သံ
တိုးတိုးလေး ကြားလိုက်ရတဲ့အခါ မေမေတံခါးကို ခပ်မြန်မြန်ဖွင့်ကြည့်လိုက်မိတယ်။ အ၀မှာ သမီးကလေး တုန်တုန်ရီရီနဲ့ မတ်တပ်ရပ်နေရှာတယ်။ ဖို့ရို့ဖားယားဆံပင်တွေထဲက သမီးလေးမျက်နှာမှာ မျက်ရည်တွေနဲ့အတူ သွေးတွေလဲပေကျံ
နေတယ်။ အ၀တ်မဲ့နေတဲ့သမီးလေးခန္ဓာကိုယ်မှာလဲ မြင်မကောင်းအောင်သွေးတွေချည်းပဲလေ။ မေမေတုန်လှုပ်ခြင်းများ
စွာနဲ့ ရုတ်တရက် ဆွံ့အသွားခဲ့ရတယ်။ မော့ကြည့်နေတဲ့ သမီးလေးရဲ့သနားစရာမျက်လုံးလေးတွေကို မြင်ရတဲ့အချိန်မှာ
မေမေ့အတွက် ကြေကွဲရလွန်းတဲ့ခံစားချက်က ဘာနဲ့မှနှိုင်းယှဉ်ပြစရာ မရှိတော့ဖူး။ ရှေ့တိုးပြီးသမီးလက်ကို လှမ်းဆွဲလိုက်
တော့ ဖြတ်ကနဲ သမီးလေးထွက်ပြေးသွားတယ်။ သမီးကို တကြော်ကြော်အော်ခေါ်ရင်း မေမေ ပြေးလိုက်ခဲ့တာ အံ့သြစရာပဲ
သမီးရယ်။ ခဏလေးနဲ့ အဝေးကြီးကသမီးတို့ရဲ့ တပ်စဲခန်းကိုရောက်သွားတယ်။ လိုင်စာကုန်းလို့ခေါ်တဲ့ တောင်ကုန်းလေး
ပေါ်ရောက်တော့ သမီးလေးက နှင်းတောထဲကို တိုးဝင်ပြီးပျောက်ကွယ်သွားခဲ့တယ်။ သမီးလေးနောက်ကိုထပ်လိုက်ဖို့
ခဏမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းတွေက မေမေ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ ၀င်ဆောင့်ခဲ့တယ် သမီးလေးရယ်။ သွေးတွေကြား
ထဲက အပိုင်းပိုင်းပြတ်နေတဲ့ ကိုယ်လက်အင်္ဂါတွေ၊ ခေါင်းတွေနဲ့အတူ အသက်မဲ့နေတဲ့ သမီးလေးကိုမေမေပွေ့ဖို့ပြေး
သွားခဲ့တယ်။ သမီးလေးတွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးက မေမေ့ရင်ကို ခွဲထုတ်လိုက်သလိုပါပဲ။ မချိတင်ကဲ ကိုယ်အ်ာလိုက်တဲ့
အသံနဲ့အတူ မေမေနိုးလာခဲ့တယ်။ အိမ်မက်ဆိုးအဖြစ် လက်ခံဖို့ကြိုးစားရင်း တစ်ဖက်မှာ စိုးရိမ်ပူပန်မှုတွေက ငယ်ထိပ်
အထိ တက်ဆောင့်နေခဲ့တယ်။ အိမ်မက်မဟုတ်တဲ့ သမီးလေးတို့ အဖြစ်ဆိုးကို သိလိုက်ရတဲ့အချိန်မှာတော့ မေမေ့ခန္ဓာ
ကိုယ်ထဲက အရိုးတွေ ပြုတ်ထွက်သွားသလို နာကျင်မှုတွေက တစ်ကိုယ်လုံးကို အထပ်ထပ်ရစ်ပတ်ခဲ့တယ် သမီးရယ်။ လူတိုင်းမလွဲမသွေ လျှောက်ရမဲ့ ဒီခရီးကို မလှမပနာနာကျင်ကျင် ခံစားရင်း သမီးလေးသွားနှင့်ခဲ့တယ်။ သွားတော့သမီးရေ။ ဟိုးတစ်ဖက်ကမ်းကနေ မေမေလာတဲ့အထိစောင့်နေနော်။ မေမေမလာမချင်းစောင့်ပါ သမီးလေးရယ်။
သမီးလေးဆီမှာမှ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရတဲ့အတွက်တော့ မေမေ့ရင်တွေကွဲပါပြီ သမီးလေးရယ်။
အတိတ်ဘ၀က သမီးလေးရဲ့ဘ၀၀ဍ်ကြွေးတွေကို ခါးခါးသီးသီး လူပုံအလယ်မှာအရှက်တကွဲ သမီးလေးပြန်ဆပ်လိုက်ရ
တယ်နော်။ ပြုသူအသစ် ဖြစ်သူအဟောင်းပါ။ ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာမည်တဲ့။ တစ်နေ့သူတို့လဲ သူတို့အပြစ်
သူတို့ခံစားရအုံးမှာပဲ။ မေမေ့သမီးလေးကို ရက်ရက်စက်စက် သတ်သွားတဲ့သူများကို လက်စားပြန်ချေဖို့တော့
မေမေ့မှာအင်အားလဲမရှိပါဖူး။ ခံစားချက်တွေလည်း အသက်မဲ့လွန်းလို့ မုန်းတီးနာကျည်းတဲ့စိတ်လဲ မရှိတော့ဖူး။
ဒါပေမဲ့လေမေမေ သူတို့ကိုမေးချင်တာလေးတော့ ရှိတယ်။ ဖြေနိုင်ရင်ဖြေပေးပါ။ ဘာလို့များ မေမေ့သမီး
လေးကို လုံလုံခြုံခြုံ၊ နွေးနွေးထွေးထွေးလေး မသေစေရတာလဲလို့.....။ အဲဒီညက မေမေ့သမီးလေး နှင်းတွေကြား
ထဲမှာ နာကျင်လွန်းတဲ့ဝေဒနာကို ခံစားရင်း ဘယ်လောက်များ ချမ်းနေလိုက်မလဲ.......။
(စကားချပ်။ ။ ကျွန်မ မခင်ချိုဦးကိုမသိသလို မြင်လဲမမြင်ဖူးပါ။ ၈၈၈၈အရေးအခင်းတုံးက ပီဘိကလေးငယ်ပဲရှိခဲ့ပါ
သည်။ ဒါပေမဲ့ မိခင်၁ယောက်ရဲ့ သားသမီးဆုံးရှုံးမှုကို ဖြေမဆည်နိုင်အောင် ဘယ်လောက်ခံစားရလဲဆိုတာလေးတော့
ကျွန်မမျက်မြင်တွေ့ဖြစ်ပါသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသော ကျွန်မသူငယ်ချင်းမှာ ၂နှစ်အရွယ်ရှိ ၁ဦးထဲ
သော သမီးလေးဆုံးရှုံးလိုက်ရတဲ့ သောကကို မြင်ယောင်ရင်း မခင်ချိုဦးမိခင်နေရာမှ ခံစားရေးဖွဲ့ပါသည်။ အမှားပါက ခွင့်လွတ်နားလည်ဖို့ပဲ စာဖတ်သူများကို တောင်းဆိုပါရစေရှင်။)
No comments:
Post a Comment