ABSDF မြောက်ပိုင်းမှာ လူမဆန်စွာ နှိပ်စက်ခံရပြီး အသတ်ခံရတဲ့ လူတွေရဲ့ အမေတွေနဲ့ လူသတ်မှု ကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အမေတွေကို သနားမိပါတယ်....

ကျမက ကိုယ်တိုင် တောမခို..နိုင်ငံရေးမလုပ်..ထောင်မကျခဲ့ဖူးတာမို့.. မြောက်ပိုင်းလူသတ်မှု နဲ့ ပတ်သက်ရင် အမေနေရာကနေပဲ တွေးမိပါတယ်။ မကြာခင်မှာ ကျမသားကြီး အသက် ၂၁နှစ်ပြည့်တော့မယ်။ သူ ဘယ် တက္ကသိုလ်မှာ သွားတက်ရမယ်လည်း မသိသေး။ အိမ်နဲ့ အဝေးမှာဆို သူ အခက်အခဲတော့ ကြုံမှာလို့ စဉ်းစား မိရင်တောင် စိတ်ထဲ တယ်မကောင်းချင်ပါဘူး။ ဒါတောင် ကျမက သားသမီးကို ကြက်သားအုပ်မကြီးလို့ ကိုယ်နဲ့မကွာ အုပ်ထားချင်တဲ့ အမေမျိုး မဟုတ်ပါဘူး။ ဆိုတော့ ခုတလောတွေမှာ မြောက်ပိုင်းလူသတ်မှု အကြောင်းတွေ ဖတ်ရတော့ အမေတွေကိုယ်စား ရင်ထဲ မချိအောင် နာကျင်ရပါတယ်။ ဖတ်နေရင်း မျက်ရည်ကျ မိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါတောင် အဲဒီ အရက်စက်ခံရတဲ့သူတွေထဲမှာ ကျမ သိတဲ့သူဆိုလို့ ထိန်ထိန်(ပန်းချိထိန်လင်း)တယောက်ပဲ ပါတာပါ။
ကျမစဉ်းစားနေမိတယ်။ ကိုယ်မွေးထားတဲ့ သားလေးတွေ… ကိုယ်နဲ့ ခွဲပြီး တိုင်းပြည်အတွက်ဆိုပြီး ထွက်သွား ကြ.. အစားဆင်းရဲ.. အနေဆင်းရဲ.. ဘက်ပေါင်းစုံမှာ အဆင်ပြေစရာအကြောင်းမရှိ။ ဒါပေမဲ့ တိုင်းပြည်အတွက် ဆိုတဲ့ စိတ်ကလေးတွေနဲ့ နေခဲ့ကြရင်း.. မဟုတ်မတရား ရန်သူ့လူလို့ စွပ်စွဲခံရတာ။ ပိုဆိုးတာက အမေတွေမို့.. အမှန်ကို သိတယ်။ ကိုယ့်ကလေးတွေဟာ ရန်သူလူမဟုတ်ကြောင်း.. မတရားသဖြင့် ရမယ်ရှာခံရတာ ဖြစ်ကြောင်း.. အမေတွေ ရဲ့ အသည်းနှလုံးက ကျိန်းသေသိပါတယ်။ အမေအနေနဲ့ စဉ်းစားကြည့်တော့.. ကဲ.. မသင်္ကာစရာဖြစ်ဦးတော့.. လူအချင်းချင်း..သူငယ်ချင်း အချင်းချင်း… ခုလောက်ရက်ရက်စက်စက် မလုပ်ရက် ပါဘူးကွယ်လို့.. အမေတွေခမျာ နာကျင်ကြရှာမယ်..။
အမေတွေရဲ့ ညပေါင်းများစွာမှာ.. ဒီသားသမီးတွေရဲ့ မျက်နှာလေးတွေမြင်ယောင်ရင်း ပူလောင်ပြင်းပျရ ရှာမယ်..။ ပိုဆိုးတာက သမိုင်းမှာ ကိုယ့်ကလေးတွေကို သစ္စာဖောက်အဖြစ် သမုတ်ခံရတာကလည်း ဆိုးလွန်း လှတာပါ…။ ကျမ ဆက်ပြီး ခံစားမကြည့်နိုင်တော့ပါဘူး…။ ကျမ သားသမီး ၃ယောက် မွေးထားတာ..။ ကလေးတွေ ဖျားရင်ကို အိပ်မရ နေမရ ထိုင်မရ… ငါသာ ဖြစ်လိုက်ပါ တော့ လို့ တ, မိတဲ့အထိ…။ ဒါကို အမေတိုင်းသိပါတယ်။ အဲဒီအခါ ဒီရက်ပိုင်းတွေထဲတွေ့ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး အမေတွေရဲ့ ပုံတွေကို ကျမ ကြာကြာမကြည့်ရက်တော့ပါဘူး..။
တချိန်တည်းမှာပဲ အဲဒီလူသတ်မှုကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အမေတွေရော…… မနာကျင်.. မထိခိုက်.. မကြေကွဲဘဲ နေပါ့မလား… အရှက်ရတာတခုပါ ပိုတိုးခံစားရဦးမယ်လို့ တွေးမိပါတယ်..။
ကျမကတော့ အမေတွေကို သနားတာပါပဲ…။
No comments:
Post a Comment