------------------------------------------------------------------------------------------------
( ထင်လင်းအောင် ) 25-1-2012

ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၆ ခုနှစ်၊မေလ ၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင် မူလတန်းပညာကို သင်ကြားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာ သင်ကြားနေချိန် ဒီမိုကရေစီ အရေးအခင်း ဖြစ်ပွားပါသည်။ ကျနော်သည် ကျောင်းသားသမဂ္ဂ၏ သတင်းနှင့်ဝါဒဖြန့်ချီရေးရုံးတွင် ၀င်ရောက် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီး ကျောင်းဝင်းအတွင်းတွင် ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်၊စက်တင်ဘာ ၁၈ရက် စစ်တပ်က အာဏာသိမ်းပြီး -၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။
ကျနော်တို့ သပိတ်စခန်းခေါင်းဆောင်များမှာ-
၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။
စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်နက်ကိုင်လမ်းစဉ် ပြုလုပ်ရန်အတွက် သထုံမြို့မှ ထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ- ထိုမှတဆင့် -ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၊ ၂၇ ရက်နေ့တွင် ကေအင် ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ ရောက်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ အ၀င် အင်အား ၁၀၀ ခန့် ၊ မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။
၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့်၊ ထိုင်းနိုင်ငံ ရိုးကလိုး ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး၊ ရေကျော်စခန်းသို့ သွားရောက်ခဲ့ပါသည်။ ရေကျော်စခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက် သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့် အရ ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော။ နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင် နေစဉ် ဦးသုထစခန်း ကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ ၊ သော်လဲထ ။ ၄င်းမှ မဲလထ ။ ၄င်းမှ လဲသာထ သို့ ရောက်ရှိပြီး -အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။
အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး၊ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေရင်း ပလောင် နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ် တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။
၂၀၉တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊ နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကို ရွေးချယ်ပြီး၊ ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ် ခွဲ ပို့ခဲ့ပါသည်။
ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
တပ်စုမှူး ထင်လင်းအောင်(စာရေးသူ)
တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း
ရဲဘော်များမှာ-
အငယ်လေး (၀မ်ခ) - မန္တလေး
မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
လှဝေ - ကျိုက်ကော်
အောင်နိုင် - ပဲခူး
မောင်ဦး - ပဲခူး
ဆန်းမြင့်ကိုကို - ပဲခူး
မောင်ဦး - ပဲခူး
မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
ကျော်ကျော် - ကျိုက်ထို
ဂါမဏိ - ကျိုက်ထို
ထက်ခိုင် - ကျိုက်ထို
စန်းမြင့် - ရန်ကုန်
ဦးနိုင်ဦး - ပဲခူး
သန်းထိုက် - ရန်ကုန်
သန်းထွဋ် - ပဲခူး
အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
ကျော်မျိုး - ကျိုက်ထို
နိုင်လင်း - သထုံ ဇင်းကျိုက်
သိန်းလွင် - ရန်ကုန်
စိုးဝင်း - ရန်ကုန်
အောင်ဇော်ဦး - သထုံ
အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး၊ အဲဒီမှာ စုပါသည်။
ကျနော်တို့ သွားရမည့် အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိပါသည်။
PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီးထွက်ခဲ့ကြပါသည်။
မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ။ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ၁၉၉၀ ၊ ဧပြီလဆန်းတွင် ရောက်ရှိကြပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့် ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊
ပလောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့် ရှေ့တန်းတွင် လှုပ်ရှားရပါသည်။ တပ်ရင်း (၂၁၇) မှတပ်ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သော တပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည့်လည် စည်းရုံးရေး ဆောင်ရွက်ရပါသည်။
ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ၁၉၉၀ ၊ ဇွန်လတွင် ခရီးဆက်ခဲ့ရာ ၊ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ၊ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ ထွက်ခဲ့ရာ နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော် ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင် တွေ့ရပါသည်။
တပ်ရင်း (၈) တွင် နေထိုင်စဉ်က တပ်ရင်းမှူး သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF မြောက်ပိုင်းသို့ ကြိုတင် သွားခဲ့ကြပါသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။
တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ၊ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး ခဲ့သဖြင့်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့်၊ KIA တပ်မဟာ (၃)တွင် ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကို ချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ကြပါသည်။
ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး တို့လည်း၊ ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန် ပင် အောင်မြင်ခဲ့ပါသည်။
ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စုဆောင်းခြင်း ၊ရိက္ခာများ အချိန်မရွေး ရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။
၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ ခရီးထွက်ခဲ့ရာ- တပ်မဟာ (၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ၊ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။
ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူး သိုက်ထွန်းဦးနှင့်အတူ ရဲဘော် ၈ ဦး၊ ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေး သွားနေကြောင်း သိခဲ့ရသည်။ ကျနော် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။
ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေ များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွာခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။
၁။ သစ္စာဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျ မစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့် သတ်ခြင်း။
၃။ အထက်နှင့်အောက် ညီမျှမှု မရှိခြင်း။
၎။ မြို့နယ်စွဲများရှိခြင်း။ (အထူးသဖြင့် -ကချင်ပြည်နယ်)
၅။ ရဲဘော်သစ် စုဆောင်းရာတွင် မတရား စုဆောင်းခြင်း၊ မတရားဖမ်းဆီး ခိုင်းစေခြင်း။
၆။ အဖွဲ့ပိုင် ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း။
စသည်တို့ကို ဆွေးနွေးရာ သူတို့က ပယ်ချပြီး၊အမှတ်(၁) တွင် အချက် တချက် တိုးပေးပါသည်။ ဗဟိုမှ သတ်မှတ်ထားသော စာသားနှင့်မတူပါ။
ABSDF ကချင်နှင့် ၅၀၁ မှ ကျနော်တို့ နားလည်မှု ကွဲလွဲတာ စတင်ပါတော့သည်။ ကချင်ရှိ စစ်ဗိုလ်ချုပ် သံချောင်းနှင့် ဥက္ကဌမျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
လူကြီးများထံ ကြေးနန်းပို့ရန် တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့် တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။
ဗဟိုမှ လူကြီးများဖြစ်သော ကိုမောင်မောင်တိတ်၊( ယခင် ဘဏ္ဍာရေး )
ကိုသန်းဝင်း၊ (DAB တွဲဘက်အတွင်းရေးမှူး၊)
ကျော်ကျော်(ABSDF အတွင်းရေးမှူး)၊
မိုးသီးဇွန် (ဥက္ကဌ)၊
မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့် တွေ့ပါသည်။
ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကို တားပါသည်။ ၄င်းက ”ထိုနယ်မြေသို့ မသွားသင့် ၊အန္တရာယ်ရှိနိုင်သည် ။ ဒုတိယအကြိမ် ညီလာခံတွင် ဒီ အကြောင်းအရာကို သူ တင်ပြ ပေးပါမည် ” ဟု ပြောပါသည်။
ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြပြီး ”တောင်ပိုင်းသို့ပြန်လာမည်”ဟုပြောရာ ကျော်ကျော်က ”ပြန်မလာနှင့် ” ဟု တားပါသည်။
ကျနော်က ”တောင်ပိုင်းသို့ မပြန်ရလျှင် ABSDF မှထွက်မည် ” ဟုပြောသဖြင့် ၊ ကျော်ကျော်က ” လက်နက်တွေတော့ ပြန်အပ်လိုက်ပါ။ ပြန်ခွင့်မပြု ”ဟု အမိန့်ချမှတ်လိုက်ပါသည်။
ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ သည်။ ကျနော်တို့ အလွန်ပင် ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ၊ရင်ထဲမှာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာ တွေကို ခံစားလိုက်ရပါတော့သည်။
ကျနော်တို့ ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ။ကျနော်တို့ ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ ၊အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်းပြဿနာ ဖြစ်နေကြပါသည်။
အရည်အချင်းရှိတဲ့ ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။
ဒါကို ကချင်က ခေါင်းဆောင်တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းက လက်နက်သိမ်းထားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ကို မတရား စည်းကမ်းတင်းကြပ်တာတွေ လုပ်ခဲ့ပါသည်။
ဒီအချိန်မှာ ဥက္ကဌ ထွန်းအောင်ကျော်က ထွက်ပေါက်တခု ပေးပါသည်။ ကျနော်တို့တောင် ပိုင်းပြန်ရန် အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကို ဆက်သွယ်ပြီး ကျနော်တို့ကို ပြန်ခေါ်ဘို့ ပြောတော့၊ အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၊ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး မင်းအောင်က ၁၉၉၁ ရှစ်လေးလုံး နှစ်ပတ်လည် မတိုင်ခင် ABSDF ကနေ ထွက်ပြေးသွားပါသည်။
လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာ ဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။ စိုးမင်းအောင်ကို န၀တ ထောက်လှမ်းရေးဟု စွပ်စွဲပြီး စစ်ဆေးကြပါသည်။
”မဟုတ်ပါဘူး”လို့ ငြင်းသဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။
သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကို ထိုးထဲ့ပါသည်။ ဒါးကို မီးကင်ပြီး ကပ်ပါသည်။ စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့်- နာကျင်လွန်းတော့ ”ထောက်လှမ်းရေးပါ ”လို့ ၀န်ခံရှာပါသည်။
နှိပ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလို သက်သာငြား၊ သွေးရူးသွေးတန်းနဲ့ ပြောမိပြောရာ နာမည်ပေါင်း ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာပါသည်။
အဲဒီအချိန်ကစပြီး တယောက်ပြီး တယောက် အဖမ်းခံရပြီး၊ အနှိပ်စက်ခံကြရ၊ မခံနိုင်တော့ နာမည် တွေ လျှောက်ပြောနဲ့ ၊ လူပေါင်း ၁၀၀ ကျော် ငရဲခံကြရပါတယ်။
ဒီလိုနဲ့ ၁၉၉၁ ၊စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့ တနေ့ပေါ့၊ ကျနော် ကချင်ကို လာတာ တနှစ်တိတိ ကြာအောင် လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကို မကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကို သိ ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက် လှမ်းရေး မဟုတ်တာကို ကျနော်ကိုယ်တိုင် အသိဆုံးပါ ။ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့ သေမှာကိုတော့ ကြောက်တာ အမှန်ပါ။ ဒါကြောင့်အခြေအနေ ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န် မခံရင် သေအောင် နှိပ်စက်ကြမှာပါ။
လွတ်မည့်ရက်ကို စောင့်ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။
ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။

သင်းသင်းညီ ဆိုရင် ဒါရိုက်တာ ရှင်လုံးရဲ့သမီးလေး ပါ ။သူ့ အမေ လာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။
စိုးမင်း (မန္တလေး) ကိုတော့ ဖမ်းပြီး ၊ မစစ်ဆေးဘဲ ပြန်လွှတ်ပေးလိုက်ပါသည်။
မျိုးဇော်အောင်ကိုတော့ "ဆက်သွယ်ရေးစက် ရှိတယ် "ဆိုတဲ့ စွပ်စွဲချက် နဲ့ နည်းမျိုးစုံ စစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ လျှပ်စစ်လွှတ်လိုက်တာ... အူပုတ်ပြီး သေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ ထွက်ပြေးပြီး ၊ အလင်းဝင်သွားပါတော့သည်။
ဒီအကြောင်းကို သိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့ ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကို ထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး သားတွေ လှီးပစ်ပါသေးသည်။
အဲဒီညမှာ သက်နိုင်ကို ခေါ်ထုတ်ပြီး မေးတာ၊ မေးလို့မရတော့ သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထည့်ပါသည်။
နောက်နေ့မှာ ကျော်ဌေးကို ခေါ်ထုတ်ပြီး "ထောက်လှမ်းရေး မဟုတ်လား"လို့ စွပ်စွဲမေးတာကို ကျော်ဌေးက ”မဟုတ်ပါဘူး” လို့ အတန်တန်ငြင်းတာကြောင့်- ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ပဲ ကျော်ဌေး သေပါတော့သည်။
နေ့စဉ် နေ၀င်က မိုးချုပ်ထိ အော်ဟစ် တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ခြားစရာ ကောင်းလှပါသည်။ ကျော်ဌေး သေခါနီး ပြောစကားအရ ၊ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး ကြပြန်ပါရော။
”အဆိပ်တွေ ဘယ်မှာဝှက်ထားသလဲ ”ဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို တနေကုန် ရိုက်ပြီး မေးပါသည်။ နောက်ပြီး ချောင်းထဲမှာ ရေနှစ်ပါသည်။ နောက်ဆုံးအဆိပ်ထုတ် မပေးရ ကောင်းလား ဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကို ဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။
အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာ ဆွဲခိုင်းထားပါသည်။
ငါးမိနစ်တကြိမ် တယောက်ပြီး တယောက် ၀င်လာပြီး၊ အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။ ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက ”မသိတဲ့အကြောင်း ၊ မရှိတဲ့အကြောင်း” ငိုပြီး တောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ၊ ရက်စက်စွာနှင့် ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့ ခင်ချိုဦးကို မြေကြီးထဲ မြှုပ်ထားပြီး၊ ခေါင်းသာ ဖော်ထားပြန်ပါသည်။ ပါးစပ်ထဲကို ဒါးထဲ့ပြီး မွှေပြန်ပါသည်။ ဆံပင်ကိုလည်း ဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကို ဒရွတ်တိုက် ဆွဲတာကြောင့် ၊ အ၀တ်မရှိဘဲ ပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကို မြင်ရတော့ မမြင်ရက် စရာပါ။ ကျနော် မျက်ရည်ကျမိ ပါတော့သည်။

ဘယ်လောက်ယုတ်မာသလဲ ဆိုလျှင် ခင်ချိုဦးရဲ့မိန်းမအင်္ဂါကို ဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာ မြင်ရတဲ့ မြင်ကွင်းကတော့- ငရဲပြည်မှာတောင်မှ ဒီလောက် ရက်စက်ယုတ်မာတာ ရှိမယ် မထင်ဘူး။လို့ ပြောချင်ပါသည်။
ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့ ၊မကြားဝံ့ မနာသာ ဆဲနေကြတာ ၊ ယောင်္ကျားကြီးတွေ တန်မယ့် မိန်းမယုတ်တွေထက်တောင် အောက်တန်းကျပါတော့၏။ ဆဲရင်း ပါးကို ၀ိုင်းရိုက်နေလိုက်ကြတာ တိရ စ္ဆာန်တွေလိုပါပဲ။
No comments:
Post a Comment